အာတီတာ – ဂျရတ်၊ လာကာ စာချုပ်သစ် တိုက်တွန်းမှု၊ ကော်တင်ဟို စောင့်ကြည့်ခြင်းနဲ့ အာဆင်နယ် သတင်းများ
အာဆင်နယ်နည်းပြ အာတီတာက သူတို့ရဲ့ပွဲစဉ်ဇယားစီစဉ်မှုနဲ့ ပတ်သက်ပြီး ပရီးမီးယားလိဂ်ကို ဝေဖန်ခဲ့ပြီး သူတို့အပေါ် ပွဲစဉ်ဇယား ရေးဆွဲမှုဟာ မမျှတကြောင်း၊ ဒါပေမဲ့ ကစားသမားတွေအနေနဲ့ ကောင်းကောင်းအိပ်၊ ကောင်းကောင်းစားပြီး ဗီလာနဲ့ပွဲမှာ ခွန်အားပြည့်ဝနေမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
အာဆင်နယ်နောက်ခံလူဟောင်း ဆက်ဂ်နာက အာဆင်နယ်အနေနဲ့ တိုက်စစ်မှူး လာကာဇက်ကို စာချုပ်သက်တမ်း တိုးမြှင့်သင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။ လာကာဇက်ရဲ့ ကစားပုံအရ သူက ဦးဆောင်သူကောင်းဖြစ်ပြီး အာဆင်နယ် မှာလည်း အချိန်ကြာမြင့်စွာ ကျင်လည်ခဲ့သူဖြစ်ကြောင်း၊ သူက အသင်းအကြောင်း ကောင်းကောင်း သိသူဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပီအက်စ်ဂျီ ကွင်းလယ်လူ ဝီနယ်ဒမ်ကို ခေါ်ယူဖို့ အခွင့်အရေးကောင်းတွေ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ နယ်သာလန်ကစားသမား ဟာ ပရီးမီးယားလိဂ်ကို ပြန်ပြောင်းဖို့ ကြိုးပမ်းလျက်ရှိနေပြီးအာဆင်နယ်က သူ့ကို ကြိုးပမ်းနေတာပါ။
အာဆင်နယ်ကစားသမားဟောင်း ရေးပါလာက နည်းပြအာတီတာအနေနဲ့ လာမဲ့နွေရာသီမှာ တိုက်စစ်မူှး နှစ်ဦး ခေါ်ယူဖို့ လိုအပ်ကြောင်း၊ အာတီတာအနေနဲ့ တိုက်စစ်ပိုင်းအတွက် ဘရန်ဖို့ဒ် တိုက်စစ်မှုး တိုနေးနဲ့ အဲဗာတန် တိုက်စစ်မှူး လီဝင်တို့ကို ခေါ်ယူသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။
ဗီလာနည်းပြ စတီဗင်ဂျရတ်က နည်းပြအာတီတာကို ထောက်ခံပေးခဲ့တဲ့ အာဆင်နယ်ဘုတ်အဖွဲ့ရဲ့လုပ်ရပ်ကို ချီးကျူးခဲ့ပြီး အာတီတာဟာ ဖိအားတွေ ကြားထဲက အကောင်းဆုံး ရုန်းထွက်နိုင်ခဲ့တာဖြစ်ကြောင်း၊ အာဆင်နယ် ဘုတ်အဖွဲ့အနေနဲ့ အာတီတာကို ထောက်ခံမှုပြုလုပ်ပေးပြီးနောက် အာဆင်နယ်ဟာ တိုးတက်လာလျက်ရှိကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
အက်စတွန် ဗီလာမှာ အငှားကစားနေတဲ့ ကွင်းလယ်လူ ကေ်ာတင်ဟိုကို ခေါ်ယူဖို့ စိတ်ဝင်စားသလား ဆိုတဲ့ မေးခွန်းကို အာတီတာက သူတို့ဟာ အရည်အသွေးမြင့် ကစားသမားတွေကို စောင့်ကြည့်နေကြောင်း၊ ကော်တင်ဟိုဟာ အဲဒီကစားသမားတွေထဲက တစ်ယောက်ဖြစ်ပြီး တိုက်စစ်ပိုင်းမှာ ဘောလုံးဖြန့်ဝေမှု ကောင်းမွန်သူဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
အာဆင်နယ်ဟာ ကော်တင်ဟို ကို ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းခဲ့ပေမယ့် အိုဒီဂိတ် ကို ရွေးချယ် ခေါ်ယူဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက အင်္ဂလန်အသင်းမှာ အာဆင်နယ် ကစားသမား ၄ဦး ရွေးချယ်ခံရတဲ့အပေါ် အလွန် ပျော်ရွှင်မိကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။ ထို ၄ဦးလုံး ဟာ အင်္ဂလန်မှာ ရွေးချယ်ခံရဖို့ ထိုက်တန်သူဖြစ်ကြောင်း၊ အလွန် ကြိုးပမ်းခဲ့ကြပြီး လက်ရွေးစင်ကို ကိုယ်စားပြုတာက သူတို့အတွက် ဘယ်လိုအဓိပ္ပာယ်မျိုးလဲဆိုတာ ကောင်းကောင်း နားလည်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ဂျိုလ်ကိုးက အာဆင်နယ်အနေနဲ့ နည်းပြအမ်မရီကို ထုတ်ပယ်ခဲ့တာ မှားယွင်းခဲ့ကြောင်း၊ အမ်မရီဟာ ဥရောပမှာ အတွေ့အကြုံရင့်ကျက်တဲ့နည်းပြဖြစ်ကြောင်း၊ တစ်ခါတလေကျရင် နည်းပြကောင်းတစ်ဦးဟာ အသင်းတစ်သင်းနဲ့ မကိုက်ညီတာ ဖြစ်တတ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။