အာဆင်နယ်က ပရီးမီးယားလိဂ် ဖလား ရသွားသလို အောင်ပွဲခံနေတယ်လို့ ဖဲ့လိုက်တဲ့ ယန်း

အာဆင်နယ်အသင်း ဟာ ဘူကာယိုဆာကာရဲ့ တလုံးတည်းသောဂိုးနဲ့ ဗီလာကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့ပြီးနောက် ဖလားရသလိုအောင်ပွဲခံသွားခဲ့တယ်လို့ ဗီလာရဲ့ ဝါရင့်နောက်ခံလူကြီးအက်ရှ်လေယန်းက ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်ကတော့ ဒီနိုင်ပွဲကြောင့် ယူနိုက်တက်ကို ၄ မှတ်၊ ဝက်စ်ဟမ်းကို ၆ မှတ်ဖြတ်ထားနိုင်ခဲ့ပြီး လက်ကျန် တပွဲ ကစားဖို့ ကျန်ရှိနေကာ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် အခြေအနေကောင်းနေပါတယ်။

စတီဗင်ဂျရတ်ကတော့ သူ့လက်ထက်မှာ ပရီးမီးယားလိဂ် အသင်းကြီးတွေနဲ့တွေ့တိုင်းခြေစွမ်းပြနိုင်ပေမယ့် ရလဒ် မကောင်းတဲ့ အလေ့အထကို မပြင်ဆင်နိုင်ခဲ့ဘဲရှိခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ကော်တင်ဟိုရဲ့ ဖရီးကစ်ကို ပုတ်ထုတ် ကာကွယ်နိုင်ခဲ့တဲ့ လီနိုကြောင့် အာဆင်နယ် ကစားသမားတွေနဲ့ နည်းပြအဖွဲ့တွေဟာ အားပါးတရ အောင်ပွဲ ခံခဲ့ကြပါတယ်။

မန်ယူ ကစားသမားဟောင်းလည်း ဖြစ်တဲ့ အက်ရှ်လေယန်းက ပွဲအပြီးမှာ “ခက်ခဲတဲ့နေရာတခုဖြစ်အောင် ကျနော်တို့ ဖန်တီးနိုင်ခဲ့ပြီး တကယ်လည်း ဗီလာပ့ါခ်က ကစားရခက်တဲ့နေရာဖြစ်ခဲ့ပါတယ်။

သူတို့ အောင်ပွဲခံခဲ့တာကို ခင်ဗျားတို့ လည်း မြင်ကြမှာပါ၊ ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့က အမှတ်ပေးဖလား ရသလိုကို အောင်ပွဲခံခဲ့တာပဲ။ ဒါပေမယ့် သူတို့ ဘယ်လောက် ကစားရခက်လဲဆိုတာကို ပြသနိုင်ခဲ့ပါတယ်”

“ဥရောပဝင်ခွင့်နေရာကို ကျနော်တို့လည်း လိုချင်ပါတယ်၊ ကျနော်တို့အသင်းကို အဲဒီနေရာရောက်အောင် ပြန်သွား စေချင်တယ်၊ အသင်းမှာ ရှိသူတိုင်းရဲ့ဆန္ဒပါ၊ ဒီကိုလာကစားတဲ့အသင်းတိုင်းကို ခက်ခဲအောင် ကျနော်တို့လုပ်နိုင်ခဲ့ပါတယ်၊ ဒါပေမယ့် နိုင်ပွဲရဖို့ကိုလည်း အဲဒီလိုလုပ်ရမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။

အက်ရှ်လေယန်းရဲ့ ပြောဆိုမှုဟာ ဝုလ်ကွင်းလယ်လူနက်ဗက်စ်က သူတို့အသင်းကို အာဆင်နယ်အနိုင်ရခဲ့စဉ်က အောင်ပွဲခံတဲ့ပုံစံအပေါ် မှတ်ချက်ပြုခဲ့တာနဲ့ အတူတူပဲဖြစ်ပါတယ်။ အဲဒီတုန်းကလည်း နက်ဗက်စ်က အာဆင်နယ်ဟာ အမှတ်ပေးဖလား ရသလိုအောင်ပွဲခံခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။