တံခါးဖွင့်ထားပါတယ် ~ လို့ မက်ဆီအား အသံပြုလိုက်တဲ့ ဘာစီလိုနာနည်းပြ ဇာဗီ
ဘာစီလိုနာ အသင်းနည်းပြ ဇာဗီ က အသင်းဖော်ဟောင်း မက်ဆီ က နူးကမ့်ပ် ကို ပြန်လာဖို့ ဆန္ဒရှိတယ်ဆိုရင် ကြိုဆိုသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ မက်ဆီ ဟာ ပြီးခဲ့တဲ့ နွေရာသီက ဘာစီလိုနာ က ထွက်ခွာပြီး ပီအက်စ်ဂျီ ကို ပြောင်းခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာ အသင်းမြှ မှာ ဆယ်စုနှစ်(၂)ခုကြာ ကစားခဲ့တဲ့ မက်ဆီ ဟာ ဘဏ္ဍာရေး အခက်အခဲကြောင့် စာချုပ် သက်တမ်း တိုးလို့မရတဲ့အတွက် ထွက်ခွာခဲ့တာဖြစ်ပြီး ကမ္ဘာဘောလုံးလောကကို အံအားသင့်စေခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာ အသင်းဟာ မက်ဆီ မရှိတော့တဲ့ အချိန်မှာ ရုန်းကန်ခဲ့ရပေမယ့် နည်းပြ ဇာဗီ ရဲ့လက်ထက်မှာတော့ ပုံစံကောင်းတွေ ပြန်လည်ရရှိနေတာပါ။ မက်ဆီ ကတော့ ပီအက်စ်ဂျီ အသင်းမှာ ရုန်းကန်နေရတာဖြစ်ပါတယ်။

နည်းပြ ဇာဗီ က “မက်ဆီ ဟာ အချိန်တိုင်းရဲ့အကြီးကျယ်ဆုံး ကစားသမားဖြစ်ပြီး ဘာကာမှာ သူ့အတွက် အမြဲတမ်း တံခါးဖွင့်ထားမှာ ဖြစ်ပါတယ်”လို့ ရီးရယ်လ် နဲ့ ပွဲစဉ်မတိုင်ခင်မှာ သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။
ဇာဗီ က “ကျွန်တော် ဘာကာ နည်းပြအဖြစ် ရှိနေသရွေ့သူ့ကို နေ့တိုင်း ကြိုဆိုနေမှာပါ။ကျွန်တော်တို့က သူ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဒါကို ပေးရမယ်လို့ ထင်ပါတယ်။ သူဟာ ပီအက်စ်ဂျီနဲ့ စာချုပ်ရှိနေတာကြောင့် ပြောနိုင်တာ အများကြီး မရှိပါဘူး”
“ဒါပေမယ့် သူအလိုရှိရင်တော့ လေ့ကျင့်ခန်းဆင်းတာ လာကြည့်နိုင်ပြီး နည်းပြနဲ့ စကားပြောနိုင်ပါတယ်။ သူ ကျွန်တော် တို့ကို ပေးခဲ့တဲ့အရာက အဖိုးမဖြတ်နိုင်ပါဘူး” လို့ ဆိုခဲ့ပါတယ်။
ဘာစီလိုနာ အသင်းဟာ လက်ရှိအချိန်မှာ ရလဒ်ကောင်းတွေ ရနေပြီး လာလီဂါ အမှတ်ပေးဇယား အဆင့်(၃)နေရာကို တက်လှမ်းနိုင်ခဲ့သလို ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ် ရောက်ရှိနေပါတယ်။