အင်္ဂလန် အကောင်းဆုံး မက်ဂွဲရား၊ ပေါ့ဘာကို ခေါ်မယ့် ဘာစီ၊ ကွင်းလယ်ခံစစ် လူသစ်နဲ့ မန်ယူ သတင်းများ
မန်ယူ ချိတ်ဆက်နေတဲ့ အားကစား ဒါရိုက်တာ ပေါမစ်ချယ် ကို မိုနာကို အသင်းက ရာထူးကနေ ထုတ်ပယ်ဖို့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ဒီလို လမ်းခွဲရင်လည်း သူ့အတွက် မန်ယူအသင်းထံ လွတ်လွတ်လပ်လပ် လာ ပူးပေါင်းဖို့ သာ ဖြစ်သွားဖွယ်ရှိပြီး ဒီတလော သီတင်းပတ်တွေ အတွင်း နည်းပြရန်းနစ်နဲ့ပါ အတူတွဲတွေ့ထားရပါတယ်။
ဒီဂီယာက မန်ယူ ပရိသတ်တွေနဲ့ ပြုလုပ်ခဲ့ရတဲ့ အမေးအဖြေ ကဏ္ဍ တစ်ခုမှာ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုကို ၅ ကြိမ်မြောက် ရရင်တော့ ပျော်ရွှင်မိမှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ သူ့ရဲ့ ရည်မှန်းချက်က အသင်းနဲ့ အဓိက ဆုဖလားတွေ ဆွတ်ခူးဖို့ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။
မန်ယူအသင်းခေါင်းဆောင် မက်ဂွဲရားကို အင်္ဂလန်အသင်းအတွက် ရွေးချယ် ခေါ်ယူလိုက်ပြန်တာကြောင့် ဝေဖန်မှု တွေ ရှိနေပေမယ့် နည်းပြ ဆောက်ဂိတ်ကတော့ မက်ဂွဲရားက အင်္ဂလန်မှာ အကောင်းဆုံး ဗဟိုခံစစ်မှုး တစ်ဦး ဖြစ်တယ် လို့ ဆိုလိုက်ပါတယ်။

အီတလီဘက်က သတင်းတွေ အရ စီးရီးအေ အင်အားကြီးကလပ် အင်တာမီလန် ဟာ မန်ယူ တိုက်စစ်မှုး ကာဗာနီ ကို နွေမှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ယူလိုနေကြောင်း သိရပါတယ်။ အသက် ၃၄ နှစ် အရွယ် တိုက်စစ်မှုးကြီးဟာ မန်ချက်စတာကလပ်နဲ့ သက်တမ်းတိုးဖွယ် မရှိတော့ဘဲ ထွက်ခွာဖို့ များနေပါတယ်။
နည်းပြ ရန်းနစ်ဟာ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်တွေ မရှိလို့ အနားရနေတဲ့ အခိုက် ဝက်စ် အင်ဒီးစ်ကျွန်း သို့ သွားရောက်ပြီး ခရစ်ကတ်ပွဲ သွားရောက် အားပေးနေပါတယ်။ ၎င်းကို ခရစ်ကတ် အိုင်ကွန် Sir Gordon Greenidge နဲ့ အတူ Kensington Oval ကွင်းမှာ ဓာတ်ပုံရိုက်ထားတာ တွေ့ခဲ့ရတာပါ။

မန်ယူနိုက်တက်ဟာ ဘရိုက်တန် အသင်းမှ ကွင်းလယ်ခံစစ် လူငယ်လေး တိုဘီ ကော်လ်ရာ ကို ၃ နှစ်ခွဲ စာချုပ်နဲ့ လက်မှတ်ထိုး ခေါ်ယူလိုက်ကြောင်း သတင်းထောက် ရိုမန်နို က အတည်ပြုသွားပါတယ်။ အသက် ၁၈ နှစ် အရွယ် လူငယ်လေးဟာ အစမ်း လာကစားရမှာ ယူနိုက်တက် နည်းပြ အဖွဲ့ကို အထင်ကြီးစေခဲ့ကြောင်း သိရပါတယ်။
ဘာစီလိုနာ အသင်းဟာ နွေမှာ မန်ယူအသင်းနဲ့ စာချုပ်ကုန်ပြီး ဖရီးအေးဂျင့် ဖြစ်တော့မယ့် ပေါ့ဘာ ကို ခေါ်ယူဖို့ ပြန်လည် စိတ်ဝင်စားလာကြောင်း သတင်းထွက်လာပါတယ်။ လာလီဂါ ထိပ်သီးကလပ်ဟာ Spotify နဲ့ ပေါင် သန်း ၂၀၀ ကျော် စပွန်ဆာ စာချုပ် ရသွားတဲ့နောက် ဘဏ္ဍာရေး ပြန် အဆင်ပြေလာပါတယ်။

အေဂျက် နည်းပြ တန်ဟက်က လွန်ခဲ့တဲ့ နှစ် အနည်းငယ် ကာရင်တန်သို့ လာရောက် လည်ပတ်ရင်း မန်ယူအသင်းရဲ့ ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်နဲ့ တွေ့ဆုံ စကားပြောဆိုခဲ့ဖူးကြောင်း ဖွင့်ဟလာပါတယ်။ တန်ဟက် က မန်ယူနိုက်တက် နည်းပြ ဖြစ်လာဖို့ ရေပန်းစားနေသူပါ။
မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်တွေ မရှိခိုက် အားလပ်ရက် ရနေပေမယ့် အဲရစ်ဘိုင်လီ က သူ့ရဲ့ ကြံ့ခိုင်မှု အပြည့် ဆက်ရှိနေစေဖို့ အက်စ်ပန်ညို အသင်းမှာ ထရိန်နင် ဆင်းနေကြောင်း ပုံတွေ ထွက်ပေါ်လာပါတယ်။