ဒီဂီယာ နေရာ အစားထိုးဖို့ ဂိုးသမားသစ် ရှာဖွေ စောင့်ကြည့်နေတဲ့ မန်ယူအသင်း
ဒီနောက်ပိုင်း အသင်းမှာ မပျော်မရွှင်ဖြစ်နေတဲ့ ဂိုးသမား ဒီဂီယာရဲ့နေရာကို အစားထိုးနိုင်ဖို့ မန်ယူအသင်းဟာ ဆီဗီလာအသင်း ဂိုးသမား ယက်စီနီ ဘူနူကို ကြိုတင် စောင့်ကြည့်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။
စပိန်လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာ ပါဝင်ခွင့် ဆုံးရှုံးခဲ့တဲ့ ဒီဂီယာဟာ လက်ရှိ အသင်းရဲ့ နောက်တန်းအပေါ် စိတ်ပျက်ညီးညူနေသူ တစ်ယောက်ဖြစ်ပြီး အသင်းနဲ့ လမ်းခွဲဖို့ သတင်းတွေ အတော် ထွက်ပေါ်နေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

လက်ရှိရာသီအတွင်း အသင်းအတွက် အရေးပါတဲ့ ကာကွယ်မှုတွေ အကြိမ်ကြိမ် ပြုလုပ်နေပေမယ့် ပွဲတိုင်းလိုလို ပြိုင်ဘက် အသင်းကို ဂိုးတွေခွင့်ပြုနေရတာကြောင့် ဒီဂီယာက လက်ရှိ အသင်းကို စွန့်ခွါလိုနေတာ ဖြစ်ပြီး အထူးသဖြင့် စပိန် လက်ရွေးစင် အသင်းအတွက် ပြန်လည် ပါဝင်လိုနေတာကြောင့် အသင်းသစ် တစ်သင်းထံ ထပ်မံ ပြောင်းရွှေ့ လိုနေပါတယ်။
မန်ယူအသင်း လက်ရှိ စိတ်ဝင်စားနေတဲ့ ဆီဗီလာ ဂိုးသမား ဘူနူကတော့ လက်ရှိရာသီ လာလီဂါရဲ့ အကောင်းဆုံး ဂိုးသမားစာရင်းဝင် တစ်ဦးဖြစ်ပြီး ရီးရဲလ်ဂိုးသမား ကော်တိုးရစ်နဲ့အပြိုင် လာလီဂါရဲ့ တစ်နှစ်တာ အကောင်းဆုံး ဂိုးသမားဆုရဖို့ ယှဉ်ပြိုင်နေရသူ တစ်ယောက်ဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိ အဆိုပါ မိုရိုကို လက်ရွေးစင် ဂိုးသမားဟာ လက်ရှိ ကလပ်နဲ့ ၂ နှစ်သာ သက်တမ်း ကျန်ရှိ တော့သူ တစ်ယောက်ဖြစ်သလို စာချုပ်ဖြတ်သိမ်းကြေးကလည်း ပေါင် ၂၅ သန်း ဝန်းကျင်ခန့်သာ ရှိနေတာကြောင့် မန်ယူအသင်းက အချိန်မရွေး ခေါ်ယူခွင့် ရရှိထားတဲ့ အနေအထားမှာ ရှိနေတာ တွေ့ရပါတယ်။
လက်ရှိ ရာသီ ပရီးမီးယားလိဂ်ရဲ့ ဒုတိယမြောက် အကောင်းဆုံး ဂိုးကာကွယ်မှု ပြုလုပ်ထားတဲ့ ဒီဂီယာကတော့ မန်ယူအသင်းနဲ့ ၁၈ လသာ စာချုပ်သက်တမ်း ကျန်ရှိတော့သူ တစ်ဦးဖြစ်ပြီး လာမယ့် ရာသီနည်းပြသစ် အပြောင်းအလဲ အပေါ် မူတည်ကာ အသင်းမှာ ဆက်နေမနေ ဆုံးဖြတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။