အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ပရိသတ်အပြည့် ပြန်အားပေးခွင့်ရမယ့် ချဲလ်ဆီး

ချဲလ်ဆီး အသင်းဟာ ပရိသတ်တွေအား ပွဲကြည့်လက်မှတ် ရောင်းချခွင့် ပိတ်ပင်ခံထားရပေမယ့် ဝင်ဘာလေကွင်းမှာ ကစားရမယ့် ခရစ်စတယ်ပဲလေ့စ် အသင်း နဲ့ အက်ဖ်အေဖလားဆီမီးဖိုင်နယ်မှာ ပရိသတ်အင်အားအပြည့်ရဖို့ မျှော်မှန်းနိုင်ပြီ ဖြစ်ပါတယ်။

ချဲလ်ဆီး ကလပ်ရဲ့အော်ပရေးရှင်းလိုင်စင်ကို ပြင်ဆင်မွမ်းမံမှုအပေါ် အစိုးရနဲ့ ညှိနှိုင်း စကားပြောဆိုမှုရှိခဲ့ကြောင်း အက်ဖ်အေက အသိပေးခဲ့ပါတယ်။

ဧပြီ ၁၆-၁၇ မှာကျင်းပမယ့်ဆီမီးဖိုင်နယ်မှာ ပွဲအတွက် ချဲလ်ဆီး ပရိသတ်တွေကိုလည်း ပုံမှန်အတိုင်း လက်မှတ် ရောင်းချဖို့ ခွင့်ပြုပေးဖို့ ညှိနှိုင်းထားခဲ့တာပါ။ ရုရှသဌေး ချဲလ်ဆီးအသင်းပိုင်ရှင် ရိုမန်အဘရာမိုဗစ်ချ် အပေါ် ထားတဲ့ဆန်ရှင်ကြောင့် လတ်တလောမှာ ချဲလ်ဆီးတို့ကို ဝင်ငွေရမယ့် လမ်းကြောင်း မှန်သမျှ ပိတ်ပင်ခံထားရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့၊ မစ်ဒယ်ဘရော့နဲ့ ကွာတားဖိုင်နယ်ပွဲမှာလည်း အဝေးကွင်းလက်မှတ် ၄၅၀၀ လုံးကို ချဲလ်ဆီးတို့ ရောင်းချခွင့်မရခဲ့ပါဘူး။ ဒါ့ကြောင့် ဆန်ရှင်မချခင် လက်မှတ်ဝယ်ထားတဲ့ ပရိသတ်အယောက် ၇၀၀ ပဲ လာရောက် အားပေးခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ဆီမီးဖိုင်နယ်နှစ်ပွဲလုံးမှာ လက်မှတ်ကုန် ရောင်းရတဲ့ပရိသတ်ကိုမြင်ရဖို့ အင်္ဂလိပ်ဘောလုံး အာဏာပိုင်များက မျှော်လင့်တယ်လို့ အက်ဖ်အေပြောရေးဆိုခွင့်ရသူက ပြောပါတယ်။

“ခရစ်စတယ်ပဲလေ့နဲ့ကန်ရမယ့် သူတို့ရဲ့ပွဲအတွက် ချဲလ်ဆီး ပရိသတ်များအတွက် လက်မှတ်လည်း ဒီထဲမှာပါဝင်ပါတယ်။ ချဲလ်ဆီး အပေါ်မှာချမှတ်ထားတဲ့ ဆန်ရှင်များကိုလေးစားလျက်နဲ့ပဲ ဒါကိုရရှိဖို့နည်းလမ်းတခုအပေါ်မှာ အစိုးရနဲ့ ညှိနှိုင်း ပြောဆို အလုပ်လုပ်နေပါတယ်။” လို့ အက်ဖ်အေပြောခွင့်ရသူက ပြောပါတယ်။

ဒစ်ဂျစ်တယ်၊ ယဉ်ကျေးမှု၊ မီဒီယာနဲ့ အားကစားကော်မတီရဲ့ ချဲမန်းဖြစ်တဲ့ ယူလီယန်နိုက်ကလည်း အစောပိုင်းမှာ အခုလို ပြောထားခဲ့ပါတယ်။

“ချဲလ်ဆီး ကလပ်အသင်းဟာ ဟာ သူ့ပိုင်ရှင်တဦးတည်းထက် အများကြီးပိုပါတယ်၊ သူ့ရဲ့ဖန်များနဲ့ လူမှုအဖွဲ့အစည်း အတွက် ကြီးမားတဲ့အရေးပါမှုရှိတဲ့ သက်ရှိအင်္ဂါအစိတ်အပိုင်းတခုဖြစ်ပါတယ်။ ကာလတိုအတွင်းဖြစ်လို့ ပြီးခဲ့တဲ့အပတ် မစ်ဒယ်ဘရော့နဲ့ပွဲကို ချဲလ်ဆီးဖန်တွေ မပါဘဲ ကစားလိုက်ရတာက နားလည်နိုင်စရာဖြစ်ပါတယ်။”

“ဒါပေမဲ့ ဒီလောက်ကွာတဲ့ကာလအတွင်းမှာတော့၊ သူတို့ကိုချန်လှပ်ထားဖို့အတွက် အက်ဖ်အေမှာ ဆင်ခြေမရှိပါဘူး။ ယူကရိန်းပြည်သူတွေဆီကို ပိုက်ဆံတွေ အားလုံးသွားနေသရွေ့ ချဲလ်ဆီးဖန်တွေကို လက်မှတ်ရောင်းဖို့ အက်ဖ်အေက ခွင့်ပြုပေးရမှာဖြစ်ပါတယ်။” လို့ နိုက်က ပြောခဲ့ပါတယ်။