မန်ယူမှာ အဆင်မပြေတဲ့၊ မပျော်ရွှင်တဲ့ အကြောင်းတွေ ပေါ်တင်ထုတ်ပြောလိုက်တဲ့ ပေါ့ဘာ
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ဖြစ်တဲ့ ပေါလ် ပေါ့ဘာက အသင်းမှာ အဆင်မပြေတဲ့၊ မပျော်ရွှင်တဲ့ အကြောင်းတွေ ပေါ်တင်ထုတ်ပြောလိုက်ပြီး ဒီနွေမှာ သူ့ရဲ့စာချုပ်သက်တမ်း ကုန်ဆုံးတဲ့အခါ အသင်းမှ ဒုတိယ အကြိမ်မြောက် ထွက်ခွာသွားဖို့ ခြေလှမ်းပြင်လိုက်ပါတယ်။
ပေါ့ဘာက ဒီရာသီ မန်ယူ ဘာဆုဖလားမှ မယူနိုင်တဲ့ အပေါ်ရော၊ အသင်းမှာ နေရာ ပုံစံ အတည်တကျ ကစားခွင့် မရသေးတဲ့ အပေါ်ပါ စိတ်ပျက်စကား ဆိုလိုက်တာပါ။
” ခင်ဗျား အနေနဲ့ ရိုးသားဖို့ လိုပါတယ် ။ လွန်ခဲ့တဲ့ ၅ နှစ်တာ အချိန်ကာလ က ကျွန်တော့်ကို စိတ်ကျေနပ်မှု မပေးခဲ့ပါဘူး ။ တကယ်ပဲ စိတ်ကျေနပ်မှု မပေးခဲ့ပါဘူး ။ ဒီနှစ်တော့ သေဆုံးနေခဲ့သလိုပါပဲ ။ ကျွန်တော်တို့ ဘာကိုမှ မဆွတ်ခူးနိုင်ခဲ့ကြပြန်ဘူးလေ ”
” မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ဖြစ်ဖြစ် ၊ ဒါမှမဟုတ် အခြား အသင်းမှာပဲ ဖြစ်ပါစေ ၊ ကျွန်တော်ဟာ ဆုဖလားတွေကို ဆွတ်ခူးချင်ပါတယ် ။ ပြင်သစ်မှာတော့ ရိုးရှင်းပါတယ် ၊ ကျွန်တော် ကစားခွင့်တွေ ရရှိပြီး ကစားချင်တဲ့ နေရာမှာလည်း ပွဲထွက် ကစားရပါတယ် ”

” ဒီမှာ ကျွန်တော့်ရဲ့ role က ဘာလဲ ဆိုတာ သိပါတယ် ။ နည်းပြ နဲ့ အသင်းဖော် ကစားသမားတွေ ကလည်း ယုံကြည်မှု ပေးကြတယ်လေ ။ ဒါ့ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ခြားနားတဲ့ ခံစားချက်တွေကို ပိုင်ဆိုင်ရတယ်ဆိုတာက သာမန်ပါပဲ ”
” ခင်ဗျား ကစားရတဲ့ နေရာတွေ ပြောင်းမယ် ၊ နည်းစနစ်တွေ ပြောင်းမယ် ၊ တွဲဖက်ကစားရတဲ့ အသင်းဖော် တွေကိုလည်း မကြာခန ပြောင်းမယ်ဆိုရင် ခြေစွမ်း မတည်မငြိမ် ဖြစ်မှာ အသေအချာပါပဲ ။ ပြင်သစ်မှာတော့ ကျွန်တော်က ဒက်စ်ချမ့် နဲ့ အတူ အေးဆေးပါပဲ ”
” သူက ကျွန်တော် သိကျွမ်းတဲ့ role မှာ ကစားခွင့် ပေးပါတယ် ။ ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက်မှာရော ကျွန်တော် တကယ်ပဲ role တစ်ခု ပိုင်ဆိုင်ခွင့် ရရှိရဲ့လား ? ဒီ မေးခွန်းကို ကျွန်တော့်ကိုယ်ကျွန်တော် မေးဖြစ်ပါတယ် ။ အဖြေတော့ မရသေးပါဘူး ” လို့ ပေါ့ဘာ က ပြောဆိုလိုက်ပါတယ်။
ပေါ့ဘာ ဟာ ဒီရာသီအတွင်း ဒဏ်ရာပြသနာတွေ ကြုံံတွေ့နေခဲ့တာကြောင့် ဒီရာသီ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ ၁၉ ပွဲသာ ကစားပေးခွင့် ရရှိထားခဲ့ပါတယ် ။ အဆိုပါ ပွဲစဉ်တွေမှာလည်း သူဟာ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။