နယ်သာလန်းသားတွေ ပြန်စုခြင်း၊ ပေါ့ဘာ အင်တာဗျူး၊ ဖာမီနို တိုက်တွန်းမှုနဲ့ ယနေ့ မန်ယူ သတင်းများ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အနာဂါတ် နည်းပြသစ် ရာထူး အတွက် အိုင်ယက်စ် နည်းပြ အဲရစ် တန်ဟတ် ကို စတင် အင်တာဗျူး ခဲ့ပါတယ်။ အဆိုပါ အင်တာဗျူးမှာ တန်ဟတ် က ယူနိုက်တက် ရဲ့ ဘတ်ဂျက် အနေအထား ကို မေးမြန်းခဲ့တယ်လို့လည်း သိရပါတယ်။

မန်ယူ ကွင်းလယ်လူ ပေါလ် ပေါ့ဘာ က သူ့ရဲ့ ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလဟာ ကျေနပ် စရာ မကောင်းခဲ့ဘူးလို့ ထုတ်ဖော် ပြောဆိုရင်း PSG နဲ့ ကောလဟာလ တွေကိုလည်း ငြင်းဆန် မသွားခဲ့ဘူးလို့ သိရပါတယ်။

ဒါ့အပြင် ပေါ့ဘာ က သူ့ရဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ရွှေတံဆိပ် ဆုဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် တုန်းက ဖောက်ထွင်း ခံရမှုနဲ့ အတူ ပျောက်ဆုံး သွားခဲ့တယ် လို့လည်း ထုတ်ဖော် ပြောဆို သွားခဲ့ပါတယ်။

ပေါ့ဘာ ဟာ လက်ရှိ မှာ ပြင်သစ် အသင်းနဲ့ အတူ ခြေစမ်းပွဲတွေ ကစားဖို့ ပြန်ရောက်နေပြီး PSG အသင်းဖော် ဘာပေ က ပေါ့ဘာ နဲ့ တွေ့ဆုံစဉ်မှာ သူ PSG မှာ စိတ်ပျက် ပျင်းရိနေကြောင်း ထုတ်ပြောခဲ့တယ်လို့ ဗီဒီယို မှတ်တမ်းတွေ က တဆင့် သတင်း ထွက်ပေါ်လာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ကလီဘာဆင် က ယူနိုက်တက် အနေနဲ့ လီဗာပူး တိုက်စစ်မှူး ရော်ဘတ်တို ဖာမီနို ကို ခေါ်ယူ သင့်ကြောင်း ၊ ဖာမီနို ဟာ ကွင်းထဲမှာ အလွန် ပါးနပ်သူ တယောက် ဖြစ်ကြောင်း ပြောဆို ချီးကျုး သွားခဲ့ ပါတယ်။

ဂယ်ရီ နဗီးလ် ကတော့ သူ့အနေနဲ့ အဲရစ် တန်ဟတ် ထက် မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် နေရာ အတွက် ပိုချက်တီနို ကို ပိုမို နှစ်သက် မိကြောင်း ပြောဆို သွားခဲ့ပါတယ်။

တန်ဟက်က သူ မန်ယူနည်းပြ ဖြစ်လာရင် နည်းပြ အဖွဲ့ကို တောင့်တင်းအောင် ဖွဲ့စည်းဖို့ ရှိနေပြီး ယူနိုက်တက် ကစားသမားဟောင်း နယ်သာလန်သား တစ်ဦး ထည့်သွင်းဖို့ ရည်ရွယ်နေရာ ဗန်ပါစီ ဒါမှမဟုတ် နစ္စတယ်ရွိုင်း ကို ပြန်ခေါ်ဖွယ် ရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဟာ အားထားရတဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ကို စာချုပ် သက်တမ်းတိုး ချုပ်ဆိုဖို့ စီစဉ် နေကြတယ်လို့ ကြားသိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယူ ၂၃ အသင်းရဲ့ ဂိုးသမား ပေါလ်ဝူလ်စတန်ရဲ့ ကစားသမားဘဝက အနား ယူမှုကို အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဝူလ်စတန်ဟာ အသက် ၂၃ နှစ်အရွယ်သာ ရှိသေးပေမယ့် ခွဲစိတ်ကုသမှု နှစ်ကြိမ်ပြုလုပ်ခဲ့ရတဲ့ ဒဏ်ရာပြဿနာကြောင့် အရမ်းငယ်သေးတဲ့ အရွယ်မှာပဲ ကစားသမားဘဝကနေ အနားယူလိုက်တာပဲ ဖြစ်ပါတယ်။