ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့် နှစ်ကြိမ်ဆက်တိုက် လွဲချော်ခဲ့ပြီ ဖြစ်တဲ့ နာမည်ကြီး အီတလီ

မြောက်မက်ဆီဒိုးနီးယားကြောင့် အီတလီအနေနဲ့ ကမ္ဘာ့ဖလား ပလေးအော့ဖ်ကနေ အံ့အားသင့်ဖွယ် ထွက်ခွာခဲ့ရတာဟာ ဘောလုံးလောကမှာ သူကြုံတွေ့ခဲ့ရသမျှထဲ အကြီးမားဆုံး စိတ်ပျက်စရာပဲလို့ ရောဘတ်တို မန်ချီနီက ဖွင့်ဟခဲ့ပါတယ်။

ယူရို ၂၀၂၀ မှာတော့ ဗိုလ်စွဲခဲ့တဲ့ ဥရောပ ချန်ပီယံတွေဟာ ပလေးအော့ဖ် ဆီမီးဖိုင်နယ် အဆင့်မှာတင် ရှုံးနိမ့် ခဲ့တာကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ခွင့် ဝေးကွာခဲ့ရပြီ ဖြစ်ပါတယ်။

အီတလီရဲ့ ထွက်ခွာရမှုနဲ့ ပတ်သက်ပြီး နည်းပြ မန်ချီနီက “မနှစ်က ဇူလိုင်မှာ ယူရို ၂၀၂၀ အောင်မြင်ခဲ့တာက ကျွန်တော်ရဲ့ ပရော်ဖက်ရှင်နယ်မှာ ကြုံခဲ့ရသမျှထဲ အကောင်းဆုံးအရာ ဖြစ်ခဲ့ပါတယ်။

အခု ရှုံးနိမ့်မှုကတော့ အကြီးမားဆုံး စိတ်ပျက်စရာပါပဲ။ ကံမကောင်းစွာပဲ ဘောလုံးလောကမှာ ဒီလို မယုံနိုင်စရာတွေက ဖြစ်တတ်ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီးရခဲ့တာပါ။ ဥရောပချန်ပီယံဖြစ်ပြီးနောက်ပိုင်း ကံဆိုးတာတွေအဖြစ် ပြောင်းလဲသွားခဲ့တာ ဖြစ်နိုင်ပါတယ်။

ဒီပွဲအပေါ် မှတ်ချက်ပေးဖို့က ခက်ခဲပါတယ်။ မိနစ် ၉၀ လုံး ဘာဂိုးမှ မပေးရပဲ နေခဲ့ပြီးတော့မှ အချိန်ပိုမှာ ဂိုးတစ်ဂိုး ရောက်လာခဲ့တာပါ။ ဒါက ကြီးကျယ်တဲ့ ကစားသမားတွေရှိတဲ့ အသင်းတစ်သင်းပါ။ ကျွန်တော်တို့ ဒီလို ရှုံးရဖို့ မထိုက်တန်ခဲ့တာကြောင့် အခုလို ရလဒ်အတွက် စိတ်မကောင်းပါဘူး”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အီတလီကို အနိုင်ယူသွားတဲ့ မြောက်မက်ဆီဒိုးနီးယားအနေနဲ့ အင်္ဂါနေ့ ဖိုင်နယ်မှာ ပေါ်တူဂီကို အနိုင်ရရင် ၂၀၂၂ ကမ္ဘာ့ဖလားမှာ ပါဝင်ရဖို့ အခွင့်အရေး ရမှာ ဖြစ်ပါတယ်။

အီတလီဟာ ပေါ်တူဂီနဲ့ ပလေးအော့ဖ် ဖိုင်နယ်မှာတွေ့ဖို့ ရေပန်းအစားဆုံး ဖြစ်ပေမယ့် ဒုတိယပိုင်း အချိန်ပိုမှာ ထရက်ကော့ဗ်စကီရဲ့ သွင်းဂိုးက သူတို့ကို စိတ်ပျက်စေခဲ့တာဖြစ်ပြီး ဒီရလဒ်ကြောင့် အီတလီဟာ နှစ်ကြိမ်ဆက်အဖြစ် ကမ္ဘာ့ဖလားနဲ့ လွဲချော်ရတော့မှာ ဖြစ်ပါတယ်။