အိုက်ကာဒီ ကို ပစ်မှတ်ထားခြင်း၊ အေဗရာဟမ်ချ် တိုက်တွန်းမှုနဲ့ ယနေ့ အာဆင်နယ် သတင်းများ
အာဆင်နယ် ဂန္ထဝင်ဟောင်း လီဒိုင်ယွန်က အာဆင်နယ်အနေနဲ့ ဒီရာသီမှာ ထိပ်သီးအသင်းတွေနဲ့ တွေ့ဆုံခဲ့တဲ့ ပွဲစဉ်တွေမှာ ရလဒ်ပိုင်း ဆိုးရွားနေမှုက အဆင့်လေးဝင်ခွင့်အတွက် စိုးရိမ်စရာကောင်းကြောင်း၊ အာဆင်နယ်ဟာ လီဗာပူးနဲ့ မန်စီးတီး တို့နဲ့ပွဲမှာ ကစားပုံကောင်းပေမဲ့ ရှုံးနိမ့်ခဲ့ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ပီအက်စ်ဂျီတိုက်စစ်မူှး အိုက်ကာဒီကို ခေါ်ယူဖို့အတွက် နယူးကာဆယ်နဲ့အပြိုင် အာဆင်နယ်က ကြိုးပမ်း လာကြောင်း CalcioMercato က ဖော်ပြထားပါတယ်။ အိုက်ကာဒီဟာလာမဲ့နွေမှာ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ ရှိနေပြီး တိုက်စစ်မူှးရှာဖွေနေတဲ့ အာဆင်နယ်ရဲ့ ပစ်မှတ်ထဲမှာ ပါဝင်လာတာပါ။
အာဆင်နယ် ကစားသမားဟောင်း ဝင်တာဘန်းကတော့ အာဆင်နယ်အနေနဲ့ ရိုးမားတိုက်စစ်မူှး အေဘရာဟမ်ချ်ကို ခေါ်ယူဖို့ တိုက်တွန်းခဲ့ပြီး အေဘရာဟမ်ချ်ဟာ ငယ်ရွယ်ပြီး အလားအလာကောင်းတွေ ပိုင်ဆိုင်ထားသူဖြစ်ကြောင်း၊ အေဘရာဟမ်ချ်ဟာ အာဆင်နယ်လိုအပ်နေတဲ့ ကွက်လပ်ကို ဖြည့်တင်းပေးနိုင်မဲ့သူဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

လိဒ်စ် ယူနိုက်တက်ကွင်းလယ်လူ ကီဗင်ဖီးလစ်ဟာ အာဆင်နယ်နဲ့ လိုက်ဖက်မဲ့ ကစားသမားဖြစ်ကြောင်း၊ ကီဗင်ဖီးလစ်ဟာ ကွင်းလယ် နေရာစုံ ကစားနိုင်တဲ့ ကစားသမားဖြစ်ပြီး အာဆင်နယ်ကိုပြောင်းလာဖို့ မျှော်လင့်မိကြောင်း လီဒိုင်ယွန်က ဖွင့်ဟခဲ့ပါတယ်။
လီဗာပူးဂိုးသမားဟောင်း ဒေးဗစ်ဂျိမ်းစ်က လီဗာပူးအနေနဲ့ လိဒ်စ်တောင်ပံကစားသမား ရာဖင်ဟာ ထက်စာရင် အာဆင်နယ် လူငယ် တိုက်စစ်မှူး မာတင်နယ်လီကိုသာ ခေါ်ယူသင့်ကြောင်း၊ မိမိအနေနဲ့ ရာဖင်ဟာကို နှစ်သက်မှုရှိပေမဲ့ မာတင်နယ်လီကို ပိုမိုစိတ်လှုပ်ရှားမိကြောင်း၊ နှစ်ယောက်ထဲကတစ်ယောက်ကို ရွေးရမယ်ဆိုရင် မာတင်နယ်လီကိုသာ ရွေးချယ်မှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ကီဗင် ကမ်းဘဲလ်က ဂိုးသမားရမ်ဒေးစ်လ်အနေနဲ့ ဒဏ်ရာကြောင့် အင်္ဂလန် လူစာရင်းမှာ မပါဝင်နိုင်တာက စိတ်ပျက်စရာပဲ လို့ ဆိုလိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာပွဲစဉ်တွေကနေ ရမ်ဒေးစ်အတွက် ဆောက်ဂိတ်ဆီက အခွင့်အရေးကို ရယူနိုင်ဖို့ အခြေအနေ အကောင်းဆုံးလို့ ကမ်းဘဲလ်က သုံးသပ်ခဲ့တာပါ။
အာဆင်နယ်လူငယ်ကြယ်ပွင့်ဆာကာဟာ ကိုဗစ်ကူးစက်ခံရပြီးနောက် အင်္ဂလန်အသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့ပြီ ဖြစ်ပါတယ်။ ဆာကာဟာ ဗုဒ္ဓဟူးနေ့ကတည်းက သီးသန့်နေထိုင်ခဲ့ပြီး ဆောက်ဂိတ်ကတော့ ဆာကာရဲ့ နေရာအတွက် ဘယ်သူ့ကိုမှ အစားထိုး ခေါ်ယူမှု မပြုလုပ်ခဲ့ပါဘူး။