ရက်ဖို့ဒ်နဲ့ ဆန်ချိုတို့ မန်ယူမှာ အစွမ်းပြလာစေချင်ရင် ဖာမီနို ကို ခေါ်လိုက်လို့ တိုက်တွန်းမှု

မန်ချက်စတာယူနိုက်တက် အသင်း ဟာ ခါးသီးပြိုင်ဘက် လီဗာပူးလ် အသင်းမှ တိုက်စစ် ကစားသမား ဖာမီနို ကို ခေါ်ယူသင့်တယ်လို့ ကွင်းလယ်လူဟောင်း ကလီဘာဆင် က တိုက်တွန်းလိုက်ပြီး ဖာမီနိုဟာ ရက်ရှ်ဖိုဒ့် ရဲ့အကောင်းဆုံးပုံစံတွေ ပြန်ရအောင် ကူညီပေးလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

ရက်ရှ်ဖိုဒ့် ဟာ ဒီရာသီမှာ (၅)ဂိုးသာ သွင်းယူထားပြီး ပုံမှန်ခြေစွမ်းရဖို့တောင် အတော်လေး ရုန်းကန် နေရတာ ဖြစ်ပါတယ်။ ရက်ရှ်ဖိုဒ့် ရဲ့စွမ်းဆောင်ရည်ကျဆင်းမှုတွေကြောင့် အခုလထဲ ကစားမယ့် အင်္ဂလန်အသင်းရဲ့ခြေစမ်းပွဲဝင် လူစာရင်းမှာ ချန်လှပ်ခံခဲ့ရတာပါ။

ယူနိုက်တက် ကွင်းလယ်လူဟောင်း ကလီဘာဆင် က ရက်ရှ်ဖိုဒ့် ဟာ တိုက်စစ်မှူးတစ်ဦးအနေနဲ့ ကောင်းမွန်စွာ ကစားနိုင်ဖို့ အတွက် သူ့ရဲ့ရွေးချယ်မှုက ဖာမီနို ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဖာမီနို က ယူနိုက်တက် တောင်ပံ ကစားသမား ဆန်ချိုကိုလည်း ဘယ်လိုကူညီပေးနိုင်မလဲဆိုတာ ရှင်းပြခဲ့ပါတယ်။

ကလီဘာဆင် က “ဖာမီနို ရဲ့ပုံစံက ယူနိုက်တက်နဲ့ လိုက်ဖက်မှာပါ။ အထူးသဖြင့် လီဗာပူးလ်မှာ ကစားနေတဲ့ ပုံစံပေါ့။ဘရာဇီးလ် အတွက် သူဟာ ပိုမြင့်မြင့်ကစားနိုင်ပေမယ့် လီဗာပူးလ် အတွက်တော့ သူက နောက်ပို ဆင်း ကစားပေးပါတယ်။ သူဟာ ကလောပ့်ဆီက အများကြီးသင်ယူခဲ့ပြီး ကွင်းထဲမှာလည်း ထက်မြက်တဲ့သူပါ”

“ယူနိုက်တက် အနေနဲ့ အပြောင်းအလဲတစ်ခုကို လိုချင်တယ်ဆိုရင်တော့ သူက အထူးသဖြင့် တောင်ပံမှာ ကစားနေတဲ့ ရက်ရှ်ဖိုဒ့်နဲ့ ဆန်ချိုတို့ကို ကူညီပေးနိုင်တဲ့ ကစားသမားကောင်းပါ။ ဖာမီနို က သူတို့ကို တိုက်စစ်ပိုင်းမှာ နေရာလွတ်တွေ ဖန်တီး ပေးနိုင်ပါတယ်”

“ဒါက မန်ချက်စတာယူနိုက်တက် ကြည့်ကိုကြည့်သင့်တဲ့ ကစားသမားပါ။သူဟာ ထူးချွန်တဲ့ ကစားသမားဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ကောင်းမွန်တဲ့ ကစားသမားခေါ်ယူမှုဖြစ်လာမှာပါ”လို့ ဆိုခဲ့ပါတယ်။

ဖာမီနို ဟာ ၂၀၁၅ က ‌ဟော်ဖန်ဟိမ်း အသင်းမှာ ကစားတုန်းက မန်ချက်စတာယူနိုက်တက် ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် လီဗာပူးလ် ကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးအသင်းမှာ ဖာမီနို က ကိုယ်တိုင် ဂိုးသွင်းတာထက် တိုက်စစ်အသင်းဖော်တွေ ဂိုးပို သွင်းနိုင်အောင် ဖန်တီးတာ၊ နေရာလွတ်တွေ ရှာဖွေပေးတာတွေနဲ့ ပို ကူညီပေးနေတာ ဖြစ်ပါတယ်။