ဆိုးလ်ရှားရဲ့ အနာဂတ်အတွက် မန်ယူ တာဝန်ရှိသူတွေ အရေးပေါ် အစည်းအဝေး ခေါ်ယူ

မန်ချက်စတာယူနိုက်တက် နည်းပြ ဆိုးလ်ရှားဟာ လီဗားပူးလ်ကို ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ရာထူးမှ ထုတ်ပယ်ခံရဖို့ ရေပန်းအစားဆုံး နည်းပြတစ်ဦး ဖြစ်လာခဲ့ပါပြီ။

မန်ချက်စတာယူနိုက်တက်ဟာ အိမ်ကွင်းမှာ အခါးသီးဆုံးပြိုင်ဘက် လီဗားပူးလ်ကို (၅) ဂိုးပြတ် ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ် ။ ဆိုးလ်ရှာ ရဲ့ ယူနိုက်တက်ဟာ လီဗားပူးလ်ကို အဖက်ဖက်က ယှဉ်ကစားနိုင်ခြင်း မရှိဘဲ ခြေစွမ်းပိုင်းရော ၊ ရလဒ်ပိုင်းပါ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

လီဗားပူးလ် နဲ့ပွဲစဉ်အပြီးမှာ မန်ချက်စတာယူနိုက်တက် ဘုတ်အဖွဲ့ဝင်တွေဟာ အရေးပေါ်အစည်းအဝေးတစ်ရပ် ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် မကြာခင် အချိန်အတွင်း ဆိုးလ်ရှားကိုထုတ်ပယ်ဖွယ်ရှိတယ်ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

ပြင်သစ်နဲ့ စပိန်အခြေစိုက် သတင်းဌာနတွေကတော့ ဇီဒန်းနဲ့ ကွန်တီ နှစ်ဦးထဲက တစ်ဦးဟာ မန်ချက်စတာယူနိုက်တက် နည်းပြသစ် ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ရေးသားခဲ့ကြပါတယ်။ အရင်ပွဲစဉ်တွေတုန်းက အသင်းရဲ့ ရလဒ်တွေမကောင်းရင် ကစားသမားဟောင်းတွေက ဆိုးလ်ရှားအပေါ်မှာ ကာကွယ်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ဒီတစ်ခေါက် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ ကာကွယ်ပြောဆိုမှုတာတွေ သိပ်မမြင်တွေ့ခဲ့ရပါဘူး ။

ကလပ် နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကတော့ ယူနိုက်တက်ဟာ ဆိုးလ်ရှားကို ထုတ်ပယ်မယ့် အစီအစဉ်ကို အလောတကြီး ပြုလုပ်သွားမှာ မဟုတ်ဘဲ အချိန်တစ်ခုအထိ စောင့်ကြည့်သွားဖို့ ရှိနေတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့်လို့ အဆိုပါ အချိန်တစ်ခုဆိုတာက လာမယ့် စပါး၊ မန်စီးတီးပွဲတွေအပြီးမှာ ဖြစ်သွားနိုင်ကြောင်း သုံးသပ်ပြောဆိုမှုတွေလည်း ရှိနေပါတယ် ။

မန်ချက်စတာယူနိုက်တက်ဟာ လီဗာပူးလ်ကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၄) ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ရပါတယ် ။ ယူနိုက်တက်ဟာ လာမယ်အပတ်မှာ ပွဲကျပ်အဖြစ် တော့တင်ဟမ် နဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ် ။