ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ချဲလ်ဆီးနဲ့ မတွေ့လိုကြောင်း ဝန်ခံသွားတဲ့ ရီးရဲလ်ကွင်းလယ် တိုနီ ကရူးစ်
ဒီရာသီ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်တွေထဲမှာ စိတ်ဝင်စားစရာ အတွဲအဖက် တစ်ခုကတော့ ချဲလ်ဆီးနဲ့ ရီးရဲလ် မက်ဒရစ်တို့ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရာသီမှာတုန်းက ချဲလ်ဆီး ဟာ ရီးရဲလ်မက်ဒရစ်ကို ၂ကျော့ပေါင်း ရလဒ် ၃ – ၁ နဲ့ အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်လှမ်းခဲ့တာ ဖြစ်ပါတယ်။
ချဲလ်ဆီးကို အဓိက မေဂျာ ပြိုင်ပွဲတွေမှာ တကြိမ်တခါမှ မနိုင်ဖူးတဲ့ ရီးရဲလ်မက်ဒရစ် အတွက်တော့ ပြီးခဲ့တဲ့ ရာသီက ရှုံးကြွေး ဆပ်ဖို့ အပြင် သမိုင်းကြောင်းကိုပါ ပြန်လည် ရေးထိုးနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဂျာမန် ဝါရင့် ကွင်းလယ်လူ တိုနီ ကရူးစ် က ချဲလ်ဆီး ဟာ လက်ရှိ ချန်ပီယံ အသင်း ဖြစ်တာကြောင့် မနှစ်ကထက် ပိုခက်ခဲနိုင်ကြောင်း သုံးသပ်ရင်း ဒီအဆင့်မှာ ထိပ်တိုက် မရင်ဆိုင်လိုကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံသွားခဲ့ပါတယ်။

တိုနီ ကရူးစ် က ” သူတို့ဟာ ချန်ပီယံလိဂ်ရဲ့ လက်ရှိ ချန်ပီယံတွေပါ ။ ဒီတော့ အခုတခါ ထိပ်တိုက် တွေ့ဆုံမှု က ပိုလို့တောင် ခက်ခဲလာနိုင်ပါတယ် ။ သူတို့ထက် ပိုပြီး ခက်ခဲမယ့် ပြိုင်ဖက်မျိုး တွေ့ဖို့ ရှားသွားပါပြီ ။ ”
” ဒါပေမယ့် ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို အာရုံ အပြည့်အဝ စိုက်ရပါမယ် ။ အကယ်၍ ကျွန်တော်တို့သာ ကစားပုံ ကောင်းမယ် ဆိုရင် ဖြစ်နိုင်တဲ့ အရာ များစွာ ဖန်တီးလို့ ရပါတယ် ။ ကျွန်တော်တို့ ဒီအဆင့်မှာ အကောင်းဆုံး ပုံစံ ပြသရပါမယ် ။ ဒါမှပဲ ဆီမီးဖိုင်နယ်ကို တက်ဖို့ လုံလောက်မှု ရှိမှာပါ ။ ”
” ပီအက်စ်ဂျီ အသင်းကို ပြီးခဲ့တဲ့ ၁၆ သင်း ရှုံးထွက်အဆင့်မှာတုန်းက ဘယ်အသင်းမှ မရင်ဆိုင်ခဲ့ချင်သလိုမျိုး ၊ အခု ကွာတား အဆင့်မှာလည်း ချဲလ်ဆီးနဲ့ ဘယ်သူမှ ရင်ဆိုင်လိုမှာ မဟုတ်ပါဘူး ။ ဒါပေမယ့် မဲခွဲမှု က ပြီးဆုံးသွားပါပြီ ။ ဒါကို ကျွန်တော်တို့ ကျေကျေနပ်နပ် လက်ခံရမှာပါ ။ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။