ဒီရာသီ လီဗာပူးနဲ့ မန်စီးတီးတို့ကြား အားပြိုင်မှုမှာ ဘာက အဆုံးအဖြတ် ဖြစ်သွားမလဲ ရီဗယ်ဒို သုံးသပ်
ဘရာဇီးဂန္ထဝင် ရီဗယ်ဒိုက လီဗာပူးနဲ့ မန်စီးတီးတို့ကြား စိတ်ဓာတ်ပိုင်းဆိုင်ရာတောင့်တင်းတဲ့သူက ရာသီအကုန်မှာ အောင်မြင်မှု ပိုရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ဂွါဒီယိုလာရဲ့ စီးတီးဟာ လီဗာပူး အသင်းကို ၁၄ မှတ်အကွာနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဇန်နဝါရီမှာ ၁ မှတ်သာ ကွာဟ တော့တာဖြစ်ပါတယ်။ လီဗာပူးဟာ မန်စီးတီးနဲ့ကြားက ကွာဟချက်ကို လျော့ချနိုင်ခဲ့ပြီး လက်ကျန်ပရီးမီးယားလိဂ် ၉ ပွဲ ကစားဖို့ ကျန်ရှိနေပါတယ်။
ဒီရာသီချန်ပီယံဆုအတွက် မန်စီးတီး နဲ့ လီဗာပူးတို့ကြား အားပြိုင်ရဖွယ်ရှိနေတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အပြင် အခြားပြိုင်ပွဲတွေမှာလည်း ပြိုင်ဆိုင်နေရပါတယ်။ လီဗာပူး နဲ့ မန်စီးတီးတို့ဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ တွေ့ဆုံကြမှာဖြစ်ပြီး အများစုက ချန်ပီယံလိဂ်မှာ ထပ်မံတွေ့ဆုံမယ်လို့ ယူဆရပါတယ်။

ရီဗယ်ဒိုက “မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးက ၁ မှတ်ပဲ ကွာဟပါတော့တယ်။ အက်ဖ်အေ ဆီမီးဖိုင်နယ်မှာလည်း တွေ့ဆုံနေပါတယ်။ ချန်ပီယံလိဂ်မှာတောင် တွေ့နိုင်ပါတယ်။ ၂ သင်းကြား ပြိုင်ဆိုင်မှုက တော်တော်လေး ပြင်းထန်ပါတယ်။
လာမယ့်ရာသီ အနည်းငယ်လောက်မှာလည်း သူတို့ ၂ သင်းကြားပဲ ပြိုင်ဆိုင်မှု ပြင်းထန်နိုင်ပါတယ်။ ၂ သင်းစလုံးက ထိပ်တန်း အသင်းတွေပါ။ ပြီးတော့ ထိပ်တန်းနည်းပြ နဲ့ ထိပ်တန်းကစားသမားတွေ ရှိနေပါတယ်။
ကျွန်တော့်အတွက်တော့ ဘယ်သူက ဆုဖလားရမယ်ဆိုတာ မမှန်းနိုင်သေးပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပိုကောင်းတဲ့ သူက အသာရပါလိမ့်မယ်”လို့ ရီဗယ်ဒိုက ပြောကြားခဲ့ပါတယ်။
ကလော့ပ်ရဲ့ လီဗာပူးက ဒီရာသီ ကာရာဘောင်းဖလား ရယူထားနိုင်ခဲ့ပြီးဖြစ်ကာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် မန်စီးတီး နဲ့ အားပြိုင်ရမှာဖြစ်သလို အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဖလား လမ်းကြောင်းပေါ်မှာလည်း ရှိနေဆဲဖြစ်ပါတယ်။