ရော်နယ်ဒိုနဲ့ ပေါ်တူဂီကို ဖြုတ်ချပြီး ကမ္ဘာ့ဖလားပြိုင်ပွဲဆီ သွားမယ် ဆိုတဲ့ မြောက်မက်ဆီဒိုးနီးယား
မြောက်မက်ဆီဒိုးနီးယား အသင်းခေါင်းဆောင် ရစ္စတော့ဗ်စကီးက သူတို့အနေနဲ့ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကို သွားရောက်နိုင်မယ် လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒီအသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပလေးအော့ဖ် မှာ အီတလီကို အဝေးကွင်းမှာ အံ့အားသင့်ဖွယ် အနိုင်ယူခဲ့ပါတယ်။ အဲ့ဒီနောက် လာမယ့်အပတ်မှာ ပေါ်တူဂီနဲ့ အဝေးကွင်းပွဲအဖြစ် ကာတာကမ္ဘာ့ဖလား သွားရောက်ခွင့်ကို အဆုံးအဖြတ် ခံယူရမှာပါ။
မြောက်ဆီဒိုးနီးယားဟာ ယူဂိုဆလားဗီးယားနိုင်ငံ ပြိုကွဲပြီးနောက်ပိုင်း ပြိုင်ပွဲကြီးအဖြစ် ပြီးခဲ့တဲ့ ယူရို- ၂၀၂၀ မှာပဲ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ပေါ်တူဂီကို အနိုင်ယူပြီး ကာတာကမ္ဘာ့ဖလားကို သွားရောက်ခွင့် ရရှိခဲ့ရင်တော့ သူတို့ အတွက် ဒုတိယအကြိမ်မြောက် ပြိုင်ပွဲကြီး ယှဉ်ပြိုင်ခွင့်လည်း ဖြစ်လာပါလိမ့်မယ်။

မြောက်မက်ဆီဒိုးနီးယား အသင်းခေါင်းဆောင် ရစ္စတော့ဗ်စကီးက “အီတလီကို အနိုင်ရရှိခဲ့တဲ့အတွက် ကျနော် အရမ်းပျော်ရွှင်မိပါတယ်။ အိမ်ပြန်တဲ့အချိန်ကျရင် ကြီးကျယ်ခမ်းနားတဲ့ ကြိုဆိုမှုကို ကျနော် မျှော်လင့်ပါတယ်”
“ကျနော်တို့ ပေါ်တူဂီကို အနိုင်ယူနိုင်ဦးမလားဆိုရင်တော့ ဒါပေါ့။ ကျနော်တို့ နိုင်မှာပါ။ အဲ့ဒီပွဲကို နိုင်ဖို့ ကျနော်တို့ အရာအားလုံးကို လုပ်ဆောင်သွားမှာပါ။ ကျနော်တို့ လုပ်နိုင်မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
မြောက်မက်ဆီဒိုးနီးယားနိုင်ငံသားတွေဟာ အီတလီကို အနိုင်ယူပြီးနောက် နိုင်ငံအတွင်း အကြီးအကျယ် အောင်ပွဲခံ ခဲ့ကြတာပါ။ တဖက်မှာလည်း ပေါ်တူဂီက တူရကီကို အနိုင်ယူပြီး ကာတာကမ္ဘာ့ဖလားဝင်ခွင့်အတွက် မြောက်မက်ဆီဒိုးနီးယားကို ခက်ခက်ခဲခဲ ကျော်ဖြတ်ရမှာပါ။
ပေါ်တူဂီကလည်း တူရကီကို အနိုင်ယူအပြီး ပလေးအော့ဗိုလ်လုပွဲကို တက်ရောက်ခဲ့ကာ လာမယ့် မတ်လ ၃၀ မှာ မြောက်မက်ဆီဒိုးနီးယားနဲ့ အဆုံးအဖြတ်ပွဲကစားရမှာဖြစ်ပါတယ်။