ဂျာမနီအသင်းမှာ ပိုကစားနိုင်တဲ့ ဆိုတဲ့ ဗာနာ၊ ဒိုလေး မန်ယူကနေ မခွာဖို့ တိုက်တွန်းမှုနဲ့ နံနက်ခင်း သတင်းများ

ဒီမနက် အစောပိုင်းက ကစားခဲ့တဲ့ ချစ်ကြည်ရေးပွဲစဉ်တွေမှာ အင်္ဂလန် အသင်းက ဆွစ်ဇာလန် အသင်းကို ၂-၁ နဲ့ အနိုင် ရရှိခဲ့သလို စပိန် အသင်းကလည်း အယ်လ်ဘေးနီးယားအသင်းကို ၂-၁ နဲ့ အသီးသီး အနိုင်ရရှိခဲ့ကြပါတယ်။

ဂျာမနီအသင်းကလည်း အစ္စရေးအသင်းကို ၂ ဂိုးပြတ် အနိုင်ရရှိခဲ့ကြပြီး ဟော်လန် အသင်းကလည်း ဒိန်းမတ် အသင်းကို ၄-၂ နဲ့ အသီးသီး အနိုင်ရရှိခဲ့ကြပါတယ်။

ဂျာမနီ အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး တီမိုဝါနာကတော့ ချဲလ်ဆီးအသင်းမှာ ကစားရတာထက် ဂျာမနီ အသင်းမှာ ကစားရတာက မိမိအတွက် ပိုမို လွယ်ကူကြောင်း ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

နယ်သာလန် အသင်းကို ၄-၂ နဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒိန်းမတ်အသင်းအတွက် အဲရစ်ဆင်တစ်ယောက် ပြန်လည် ပါဝင်ကစားပေးနိုင်ခဲ့သလို သွင်းဂိုးတစ်ဂိုးလည်း သွင်းယူပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။

အာဆင်နယ်တိုက်စစ်မူှး လာကာဇက်ကတော့ နည်းပြအာတီတာကို ချီးကျုးမှုပြုလုပ်ခဲ့ပြီး အာတီတာ ရောက်လာပြီး တည်းက အသင်းရဲ့ စိတ်ဓာတ်ပိုင်းဟာ ပြောင်းလဲသွားခဲ့ကြောင်း၊ အာတီတာဟာ စစ်မှန်တဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ဂျင်မီရက်နက်ကတော့ ဆွစ်ဇာလန်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ချဲလ်ဆီးကြယ်ပွင့် ဂယ်လင်ဟာကို ချီးကျူးခဲ့ပြီး ဂယ်လင်ဟာရဲ့ခွန်အားက ကောင်းမွန်မှုရှိပြီး ဖန်တီးမှုပါ ပြုလုပ်နိုင်ခဲ့ကြောင်း၊ ထိပ်တန်းအဆင့်မှာ ကစားနိုင်တယ်ဆိုတာ ပြသခဲ့ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

စီရော်နယ်ဒိုကို မန်ချက်စတာယူနိုက်တက်မှာ ဆက်နေဖို့ လိဒ်စ်ယူနိုက်တက် ကစားသမားဟောင်း ဝီလန်းက တိုက်တွန်း ခဲ့ပြီး နည်းပြသစ်က ရော်နယ်ဒိုကို အသင်းမှာဆက်ထိန်းဖို့ ကြိုးပမ်းသွားမှာဖြစ်ကြောင်း၊ စီရော်နုယ်ဒိုဟာ ပွဲကို အဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမားဖြစ်ပြီး နည်းပြသစ်အနေနဲ့ စီရော်နယ်ဒိုကို ဝန်းရံပြီး အသင်းကို တည်ဆောက်ဖွယ် ရှိနေကြောင်း ဆိုခဲ့ပါတယ်။

ဥရုဂွေးအသင်းတိုက်စစ်မှူး ကာဗာနီကတော့ ၎င်းရဲ့ လက်ရွေးစင် တွဲဖက် တိုက်စစ်မှူးဟောင်း ဖော်လန်က ၎င်းအပေါ် များစွာ လွှမ်းမိုးမှု ရှိခဲ့ကြောင်း ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

ဝုလ်ဗ်အသင်းကတော့ နာဗက်စ်ကို ခေါ်ယူလိုနေတဲ့ အသင်းတွေ ရှိနေပေမယ့် ကစားသမားနဲ့ စာချုပ်သက်တမ်းတိုးဖို့ ကိစ္စ ဆွေးနွေးအကောင်အထည်ဖော်နေပြီ ဖြစ်ကြောင်း ထုတ်ဖော်ကြေညာသွားခဲ့ပါတယ်။

ဘန်လေ အသင်းဟာ ရုရှားကလပ် စပါးတပ်စ်မော်စကိုမှ ချဲလ်ဆီးတောင်ပံ ကစားသမားဟောင်း မော့ဆက်ကို ခေါ်ယူလိုနေပေမယ့် ပရီးမီးယားလိဂ်တာဝန်ရှိသူတွေက အဆိုပါ ခေါ်ယူမှုကို တားမြစ်ထားကြောင်း သတင်းရရှိပါတယ်။

ကမ္ဘာ့ဖလား ဝင်ရောက်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့ပြီဖြစ်တဲ့ အီတလီအသင်းနည်းပြ မန်ချီနီကတော့ လာမယ့် တူရကီနဲ့ ချစ်ကြည်ရေး ပွဲစဉ်ကို အာရုံမစိုက်လိုတော့တာကြောင့် ဗာရက်တီ၊ ဂျော်ဂျင်ဟိုတို့အပါအဝင် အခြားဝါရင့် ကစားသမား ၆ ဦးလောက် အထိကို ပြန်လွှတ်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။