ချယ်ဆီးအသင်းမှာနဲ့ ဂျာမနီမှာ ကစားရတာ မတူတဲ့အကြောင်း တီမိုဗာနာ ဖွင့်ဟပြောဆို

ချယ်ဆီးနဲ့ ဂျာမနီ တိုက်စစ်မှူး တီမိုဗာနာဟာ ချယ်ဆီးထက် သူ့နိုင်ငံအသင်းကို ကိုယ်စားပြုတဲ့အခါမှာ ပိုပြီးတော့ သက်တောင့်သက်သာ ရှိတယ် လို့ ခံစားရကြောင်း ဖွင့်ဟခဲ့ပါတယ်။

တီမိုဗာနာဟာ ပရီးမီးယားလိဂ်ကလပ်မှာ သူ့ရဲ့ အကောင်းဆုံးပုံစံကို ပြန်လည်ထုတ်ပြဖို့ ရုန်းကန်ခဲ့ရပြီး ဂိုးပေါက် မတွေ့တဲ့အချိန်မှာ ပြင်းထန်တဲ့ ဝေဖန်မှုတွေ ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် သူနဲ့ ချယ်ဆီး အသင်းဖော် ကိုင်ဟားဗတ်တို့ဟာ မနေ့က အစ္စရေးကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ဂျာမနီအတွက် ဂိုးတွေသွင်းယူခဲ့ကြတာ ဖြစ်ပါတယ်။

“ကျွန်တော်က တိုက်စစ်မှူးတစ်ယောက်ဖြစ်ပြီး အမြဲတမ်း ဂိုးသွင်းချင်ပါတယ်။ ချယ်ဆီးမှာ အရာအားလုံးက ကျွန်တော် ဖြစ်ချင်သလို ဖြစ်မလာခဲ့ဘူး။ ဒါကြောင့် ဟန်ဆီဖလစ် လက်အောက် ဒီနေရာမှာ အားလုံး အဆင်ပြေပြေဖြစ်နေတော့ ပိုကောင်းပါတယ်။

ဘယ်မှာပဲကစားကစား၊ ဘောလုံးကစားရတာကိုတော့ ကျွန်တော် တကယ်ပျော်ပါတယ်။ ချယ်ဆီးနဲ့ ဒီနိုင်ငံအသင်းရဲ့ ကစားပုံမှာ ကွာဟချက်တွေတော့ ရှိပါတယ်။ နိုင်ငံအသင်းက ပုံစံက ကျွန်တော်နဲ့ ပိုပြီး သင့်တော်တာ ဖြစ်နိုင်ပါတယ်။

ဂျာမနီအသင်းမှာ ဆိုရင် ကျွန်တော်က ဂိုးသွင်းခွင့်တွေ အမြဲတမ်းရပြီး ဂိုးတွေသွင်းယူနိုင်တယ်။ ကျွန်တော် ဒီမှာ အတော်လေး အဆင်ပြေပြေခံစားရပါတယ်”လို့ ဗာနာက ဆိုပါတယ်။

တီမိုဗာနာဟာ ၂၀၂၀ နွေရာသီမှာ လိုက်ပ်ဇစ်ကနေ ချယ်ဆီးကို ပြောင်းလာတဲ့အချိန်မှာ ဥရောပရဲ့ အထိရောက်ဆုံး တိုက်စစ်မှူးတစ်ယောက်အဖြစ် သတ်မှတ်ခံထားရတာဖြစ်ပြီး ဂျာမနီဘောလုံးလိဂ်မှာ နောက်ဆုံးရာသီအတွင်း ပြိုင်ပွဲစုံ ၄၅ ပွဲမှာ ၃၄ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အင်္ဂလန်မှာ သူ့ရဲ့ ပွဲဦးထွက်ရာသီမှာတော့ ဂိုးသွင်းနှုန်းက မယုံနိုင်ဖွယ် ကျဆင်းသွားခဲ့ပြီး ၂၈ ပွဲမှာ ၇ ဂိုးသာ ရခဲ့ပါတယ်။ ဒီရာသီမှာတော့ အနည်းငယ် တိုးတက်လာမှုကို ပြသခဲ့ပါတယ်။