ဒီရာသီ မန်ယူ ဆုဖလား တစ်လုံးမှ မရလို့ ပေါင် ၅ သန်း နစ်နာတော့မယ့် ရော်နယ်ဒို
မန်ချက်စတာ ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ လက်ရှိ ဘောလုံးရာသီကုန်မှာ အပိုဆုကြေး ပေါင် (၅) သန်း ရရှိမှာ မဟုတ်ဘူးလို့သိရပါတယ်။ အကြောင်းရင်းကတော့ မန်ယူနိုက်တက် တို့ ဖလားလက်မဲ့ရာသီတခုကို ဖြတ်သန်းခဲ့ရလို့ပါ။
မန်ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ မတ် (၁၅) မှာ အက်သလက်တီကို မက်ဒရစ် အသင်း ကို ရှုံးနိမ့်ခဲ့ပြီးနောက် ဖလားလက်မဲ့ ရာသီကို ဖြတ်သန်းဖို့ သေချာသွားခဲ့ပါပြီ။ ဒါဟာ ယူနိုက်တက် အတွက် (၅) ရာသီ ဆက်တိုက် ဆုဖလားလက်မဲ့ဖြစ်ခဲ့တာပါ။

ရော်နယ်ဒိုဟာ နောက်ဆုံးကစားခဲ့တဲ့ ဂျူဗင်တပ်စ်မှာ တပတ်လုပ်ခ ပေါင် (၇) သိန်းခွဲအထိ ရရှိခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ကို ရောက်ရှိလာချိန်မှာတော့ ထက်ဝက်နီးပါး လစာလျှော့ယူခဲ့ပါတယ်။ ဒါတောင်မှ ရော်နယ်ဒိုက ပရီးမီးယားလိဂ်ရဲ့ လစာအများဆုံး ကစားသမားဖြစ်နေဆဲပါ။
မန် ယူနိုက်တက်သာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ရင် ရော်နယ်ဒိုက အပိုဆုကြေး ပေါင် (၂.၅) သန်း၊ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့ရင် ပေါင် (၁.၅) သန်းနဲ့ အခြားသော ပြည်တွင်းဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ရင် ပေါင် (၁) သန်းတို့ကို ရရှိမှာပါ။
ဒါပေမယ့် အခုချိန်မှာတော့ ယူနိုက်တက်တို့ ဘယ် ဆုဖလားကိုမှ မျှော်လင့်နိုင်စွမ်း မရှိတော့ပါဘူး။ ဒါ့အပြင် ရာသီ ကုန်မှာ ယူနိုက်တက်တို့ ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့ရင် ရော်နယ်ဒိုရဲ့ လုပ်ခလစာက လျှော့ချခံရမှာဖြစ်ပါတယ်။ ဒီလိုမျိုးသာ လခအလျှော့ခံရရင် နောက်ပိုင်းနှစ်တွေမှာ ရော်နယ်ဒိုအတွက် အနည်းဆုံး လုပ်ခလစာဖြစ်လာနိုင်ပါတယ်။