ဒိုလေး ကစားသမား နည်းပြလုပ်ဖို့ တိုက်တွန်းမှု၊ ဂန်းနားတို့ ချန်ပီယံလိဂ် မဝင်ဘူး ဆိုသူနဲ့ နံနက်ခင်း သတင်းများ
ဂျာမနီလက်ရွေးစင်နည်းပြ ဟန်ဆီဖလစ်က ချဲလ်ဆီးနောက်ခံလူ ရူဒီဂါကို ချီးကျူးမှုပြုလုပ်ခဲ့ပြီး ရူဒီဂါလို ကစားသမားမျိုးကို ပိုင်ဆိုင်ထားရတာ ပျော်ရွှင်မိကြောင်း၊ သူဟာ ပရီးမီးယားလိဂ်ရဲ့အမြန်ဆုံးကစားသမားဖြစ်ကြောင်း၊ နောက်ခံလူ တစ်ယောက် အနေနဲ့ ရူဒီဂါရဲ့ အရည်အသွေးကို မေးခွန်းထုတ်စရာမလိုကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဘာစီလိုနာ ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ်က ပီအက်စ်ဂျီဟာ မက်ဆီလိုကစားသမားမျိုးကို ဘယ်တုန်းကမှ ပိုင်ဆိုင်ဖူးခြင်း မရှိကြောင်း၊ မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်ပြီး ပီအက်စ်ဂျီဖန်တွေရဲ့ဝေဖန်မှုက ရုပ်ဆိုး အကျည်းတန်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
မန်ယူနည်းပြဟောင်း မိုက်ကလစ်က တိုက်စစ်မှူး စီရော်နယ်ဒိုအနေနဲ့ နည်းပြကောင်း တစ်ဦးဖြစ်လာနိုင်ကြောင်း၊ စီရော်နယ်ဒိုဟာ ကစားသမား-နည်းပြလို ပုံစံမျိုး ဖြစ်လာနိုင်ကြောင်း၊ ရော်နယ်ဒိုအနေနဲ့ မန်ယူမှာ ကစားသမား-နည်းပြလုပ်ရင် ခမ်းနားမှာဖြစ်ကြောင်း၊ အတွေ့အကြုံများစွာရှိသူဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်တိုက်စစ်မူှး ကာဗာနီဟာ လာလီဂါကလပ် ဆိုစီဒက်နဲ့ ချိတ်ဆက် လျက်ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အီတလီ၊ ပြင်သစ်၊အင်္ဂလန်တို့မှာကစားခဲ့ပြီးနောက် ကာဗာနီ အနေနဲ့ စပိန်မြေမှာ ခြေချလိုနေကြောင်း သိရပါတယ်။
အင်္ဂလန်နည်းပြဆောက်ဂိတ်က သူ့အနေနဲ့ အိုင်ဗရီကို့စ်နဲ့ပွဲမှာ တခြားကစားသမားတွေကို အခွင့်အရေး ပေးသွားမှာ ဖြစ်ကြောင်း၊ သူတို့အနေနဲ့ ပြောင်းလဲမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး ကစားသမားတွေ အနေနဲ့ ဘယ်လို ပွဲစဉ်မျိုးမှာမဆို ယုံကြည်မှုရရှိဖို့ လိုအပ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ချဲလ်ဆီးတိုက်စစ်မှူး တီမိုဝါနာက သူ့အနေနဲ့ ချဲလ်ဆီးမှာထက် ဂျာမနီမှာ ပိုပြီးခြေစွမ်းပြနေတဲ့အပေါ် “ကျွန်တော်က တိုက်စစ်မှူး ဖြစ်ပြီး အမြဲတမ်း ဂိုးသွင်းချင်နေတာပါ။ ဂျာမနီနဲ့ချဲလ်ဆီးမှာ ကစားပုံခြင်းကကွဲပြားပါတယ်။ လက်ရွေးစင်မှာက ချဲလ်ဆီးမှာထက် ကျွန်တော်နဲ့ ပိုပြီးလိုက်ဖက်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

လီဗာပူးကစားသမားဟောင်း ကော်လီမိုးက သူ့အမြင်မှာတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ချန်ပီယံဝင်ခွင့်အတွက် မန်ယူနဲ့ စပါးတို့က ပိုပြီးဖြစ်နိုင်ကြောင်း၊ အာင်နယ်က လူငယ်တွေနဲ့ ဖွဲ့စည်းထားပြီး အဆုံးသတ်မှာခြေချော်မယ်လို့ ယူဆမိကြောင်း၊ တကယ်လို့ သူ့အမြင်မှားယွင်းကြောင်း သက်သေပြနိုင်ရင်ရာသီကုန်မှာ Arteta 8 လို့ ရေးထိုးထားတဲ့ ဂျာစီ ဝတ်ပြီး ဓာတ်ပုံရိုက်သွားမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဖလား လက်မဲ့ရာသီကြောင့် ပေါင် ၅ သန်း တန်ကြေးရှိတဲ့ အပိုဆုကြေးကို လက်လွှတ်သွားရတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
လိဒ်စ်တိုက်စစ်မူှးဘန်ဖို့ဒ်ဟာ လက်ကျန်ရာသီတစ်လုံးကို လွဲချော်သွားဖို့ ရှိနေပါတယ်။ အသက် ၂၈ နှစ်အရွယ် ကစားသမားဟာ ဝုဖ်ကို ၂-၃ နဲ့ အနိုင်ရရှိခဲ့ပွဲမှာ ၂၃ မိနစ်သာ ကစားပြီး ခြေဖဝါး ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရသူပါ။ သူ့အနေနဲ့ အနည်းဆုံး ၆ ပတ်ခန့် အနားယူရမှာဖြစ်ကြောင်း သိရပါတယ်။