စီးပွားဆန်တဲ့ မန်ယူကို တန်ဟက် မသွားဖို့ တားလိုက်သူ၊ အနားမယူသေးတဲ့ ဒိုလေးနဲ့ ယနေ့ မန်ယူ သတင်းများ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမားဟောင်းတွေဟာ မေလ ထဲမှာ လီဗာပူး ကစားသမား ဟောင်းတွေနဲ့ အိုးထရက်ဖိုဒ့် ကွင်းထဲမှာ ရန်ပုံငွေ ခြေစမ်းပွဲ ကစားဖို့ စီစဉ် ထားပါတယ်။ ထိုပွဲမှာ စတမ်း ၊ ဝက်စ်ဘရောင်း ၊ ဆာဟာ ၊ ရွန်နီ ဂျွန်ဆင် ၊ ဂျပ်စပါ ဘလွန်းကွစ် ၊ အီဗရာ ၊ ဖော်လန် ၊ အိုရှေး ၊ ပိုဘော့စကီး ၊ ဆီဗက်စတြာ တို့ ပါဝင် ကစားကြမယ်လို့ မန်ယူအသင်းက ကြေငြာသွားပါတယ်။

ပေါ်တူဂီအသင်းအတွက် ရွေးချယ်ခြင်း ခံနေရတုန်းဖြစ်တဲ့ မန်ယူအသင်းတိုက်စစ်မှူး ရော်နယ်ဒိုကတော့ ကစားသမား ဘဝမှ အနားယူဖု့ိ လုံးဝ စဉ်းစားထားခြင်း မရှိသေးကြောင်း ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

မန်ယူ နည်းပြနေရာ အတွက် ထိပ်ဆုံး ကနေ ရေပန်းစား နေတဲ့ အိုင်ယက်စ် နည်းပြ အဲရစ် တန်ဟက် အနေနဲ့ အခြား အသင်း တသင်း ကို စဉ်းစားသင့်ကြောင်း၊ မန်ချက်စတာ ယူနိုက်တက် ဟာ စီးပွားရေး လုပ်တဲ့ အသင်း တသင်း ဖြစ်ကြောင်း နည်းပြဟောင်း လူးဝစ် ဗန်ဟား က သတိပေး ပြောဆိုသွားခဲ့ပါတယ်။

မန်ယူအသင်းဟာ ၎င်းတို့နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခါနီးနေပြီ ဖြစ်တဲ့ ရက်ရှ်ဖို့ဒ်နဲ့ လုခ်ရှောတို့ ၂ ယောက်စလုံးကို စာချုပ်သစ် ထပ်မံချုပ်ဆိုဖို့ ပြင်ဆင်နေပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

လက်ရှိ ပြင်သစ်အသင်းနဲ့ ခြေစွမ်းပြသနေတဲ့ တိုချူမန်နီကတော့ ၎င်းအနေနဲ့ ပေါ့ဘာထံမှ လမ်းညွှန်မှုနဲ့ အကြံဉာဏ်တွေ များစွာ ရယူခဲ့ရကြောင်း ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ်။

စပိန်နည်းပြ လူးဝစ်အင်းနရစ်ဟာ ကလပ်နည်းပြအလုပ်အတွက် သူ့ရဲ့ လက်ရှိ နိုင်ငံအသင်းနည်းပြ ရာထူးကနေ စွန့်ခွာဖို့ ဖြစ်နိုင်ခြေကို ငြင်းပယ်ခဲ့ပြီး သူဟာ ဒီနှစ်နှောင်းပိုင်း ကမ္ဘာ့ဖလား စတင်တဲ့ အခါ ကာတာမှာ ရှိနေမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ပီအက်စ်ဂျီ နည်းပြ ဖြစ်သူ မော်ရီစီယို ပိုချက်တီနို က သူဟာ ၁၉၉၉ ခုနှစ် တုန်းက ဘိုင်ယန် မြူးနစ် အသင်းဖက်ကို အနိုင်ဂိုး သွင်းယူခဲ့တဲ့ မန်ယူ ဂန္တဝင် ဆိုးလ်ရှားရဲ့ သွင်းဂိုးအတွက် အောင်ပွဲခံခဲ့ဖူးကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန် က ခရစ္စတီယာနို ရော်နယ်ဒို ကို အိုးထရက်ဖိုဒ့် မှာ ဆက်လက် ရှိနေဖို့ မျှော်လင့် ထားတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ပါတယ်။

မန်ယူနိုက်တက် နောက်ခံလူ လုခ်ရှော ကတော့ အင်္ဂလန် နည်းပြ ဆောက်ဂိတ် ဟာ ကစားသမားတွေကို ပျော်ရွှင်တဲ့ အငွေ့အသက်တွေ ရရှိအောင် လုပ်ဆောင် ပေးနိုင်သူ ဖြစ်တယ်လို့ ချီးကျူးရင်း ယူနိုက်တက် ကို သွယ်ဝိုက် ပြောဆို သွားပါတယ်။

နောဝှစ်ချ် မှာ အငှား ကစားနေတဲ့ မန်ယူ နောက်ခံလူ ဘရန်ဒန် ဝီလ်ယံ ကတော့ မန်ယူအသင်းထံ ပြန်သွားပြီး အရန်ခုံ ထိုင်နေဖို့ အကြောင်းမရှိပါဘူးလို့ ပြောဆို ခဲ့တာကြောင့် လာမယ့် ရာသီမှာ ပွဲထွက် ခွင့် အာမခံချက် မရရှိပါက အငှား ဆက်ထွက် ကစားဖွယ် ရှိနေပါတယ်။