ညကပွဲတွေ အပြီး ကမ္ဘာ့ဖလား ဝင်ခွင့် ရသွားသူများ၊ လီဗာပူးရဲ့ ပစ်မှတ်သစ်နဲ့ ယနေ့ နံနက်ခင်း သတင်းများ
မနေ့ညက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပလေးအော့ဖ် ပွဲစဉ်တွေ အပြီးမှာတော့ ပေါ်တူဂီ ၊ ပိုလန် ၊ ဆီနီဂေါ ၊ ဂါနာ ၊ မော်ရိုကို ၊ တူနီးရှား နဲ့ ကင်မရွန်း တို့ ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ခွင့်တွေ ကိုယ်စီ ရရှိသွားခဲ့ပါတယ်။
ပေါ်တူဂီ ဟာ မြောက်မက်ဆီဒိုးနီးယား ကို ၂-၀ နဲ့ အနိုင်ယူပြီး ကမ္ဘာ့ဖလား ဝင်ခွင့် ရခဲ့တာ ဖြစ်ပြီး ပိုလန် ကတော့ ဆွီဒင် အသင်းကို ၂-၀ နဲ့ အနိုင် ကစားခဲ့တာပါ။
အာဖရိက ချန်ပီယံ ဆီနီဂေါ ဟာလည်း ပထမအကျော့ တုန်းက ၁-၀ နဲ့ ရှုံးထားတဲ့ အီဂျစ် ကို အိမ်ကွင်းမှာ ၁-၀ နဲ့ ပြန် အနိုင် ကစားပြီး နှစ်ကျော့ပေါင်း ရလဒ် သရေကျနေတာကြောင့် အချိန်ပို ပင်နယ်တီ အဆုံးအဖြတ် အထိ သွားခဲ့ပြီး ၃-၁ နဲ့ အနိုင် ရကာ ကမ္ဘာ့ဖလား ပြိုင်ပွဲဆီ အရောက် လှမ်း နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ဂျူဗင်တပ် ဟာ မန်ယူနိုက်တက် နဲ့ နွေရာသီမှာ လမ်းခွဲဖွယ် ရှိတဲ့ ပေါလ် ပေါ့ဘာ ကို ခေါ်ယူ လိုပေမယ့် ပြင်သစ်သား ကို တနှစ် ယူရို ၁၀ သန်းထက် ပိုပြီး မပေးချေ နိုင်ဘူးလို့ သိရှိရပါတယ်။

ဗီလာနောက်ခံလူ တိုင်ရွန်မင့်ချ်ကတော့ အင်္ဂလန်အသင်းဖော်ဖြစ်တဲ့ မန်ယူနောက်ခံလူ မက်ဂွဲရားနဲ့ပတ်သက်ပြီး ကာကွယ်သွားခဲ့ပြီး မက်ဂွဲရားဟာ အင်္ဂလန်အသင်းမှာ ရွေးချယ်ခံရဖို့ ထိုက်တန်သူဖြစ်ကြောင်း၊မက်ဂွဲရားဟာ အင်္ဂလန်ရဲ့ အားနည်းချက်မဟုတ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
လီဗာပူးအနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ဒီယက်ဇ်ကို ခေါ်ယူအပြီး နောက်ထပ် ပေါ်တိုကစားသမား တစ်ဦးကို ထပ်မံမျက်စိကျလာပြန်ပါပြီ။ လီဗာပူးအနေနဲ့ ပေါ်တိုတောင်ပံကစားသမား အိုတာဗီယိုကိုခေါ်ယူလိုနေကြောင်း သိရပြီး သူ့ရဲ့စာချုပ်ဖျက်သိမ်းကြေးက ပေါင် သန်း ၅၀ ရှိနေတာပါ။
မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ အဲရစ် တန်ဟတ် အပြီးမှာ ပိုချက်တီနို ကို အင်တာဗျူး ပြုလုပ် ခဲ့တယ်လို့ ကြားသိရပါတယ် ။
PSG တိုက်စစ်မှူး အမ်ဘာပေ ဟာ ရင်းနှီးပြီး ယုံကြည်ရတဲ့ မိတ်ဆွေ တွေကို သူ လာမယ့် နွေရာသီမှာ ရီးရဲ မက်ဒရစ် ကို ပြောင်းဖို့ ရွေးချယ်ထားပြီး ဖြစ်ကြောင်း အသိပေးခဲ့တယ်လို့ သတင်း ထွက်ပေါ်လာခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ အင်တာမီလန်တိုက်စစ်မူှး မာတီနက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းမှုတွေ ပြုလုပ်လျက်ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ရီးရဲမက်ဒရစ်ဂန္ထဝင်ဟောင်း ရာအူးလ်က ရီးရဲမက်ဒရစ်ဟာ ချဲလ်ဆီးနဲ့ ရင်ဆိုင်ရမဲ့ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပြီး ဒီရာသီမှာ အလှပဆုံးအခိုက်အတန့်တွေက စတင်ပြီဖြစ်ကြောင်း၊ လက်ရှိအချိန်မှာ ကျေနပ်မှုတွေကို ခံစားရတော့မှာ ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ဘာစီလိုနာ ဥက္ကဌ လာပေါ်တာ ဟာ အသင်းရဲ့ အနာဂါတ် အစီအစဉ်တွေ နဲ့ ပတ်သက်ပြီး အင်တာဗျူး ပြောဆိုခဲ့ရာမှာ လီယွန်နယ် မက်ဆီ ကို အသင်းထံ ပြန်ခေါ်ဖို့ စိတ်ကူး မရှိသေးကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ပါတယ်။