ဘယ်သူ ဂိုးသွင်းသွင်း ပေါ်တူဂီ အနိုင်ရဖို့ အရေးကြီးဆုံးပဲ ဆိုတဲ့ အနိုင်ဂိုးများရှင် ဖာနန်ဒက်စ်

အရေးကြီးတဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာ ပေါ်တူဂီအတွက် အနိုင်ဂိုးနှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က အသင်းအနိုင်ရဖို့အတွက်ကသာ အရေးအကြီးဆုံးဖြစ်ပြီး ဘယ်သူက ဂိုးသွင်းတယ်ဆိုတာက အရေးကြီးတဲ့ အချက်မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဖာနန်ဒက်စ်က ပေါ်တူဂီ အသင်းရဲ့ ပလေးအော့အဆင့် ၂ ပွဲစလုံးမှာ အဓိကကစားသမားအဖြစ် ပါဝင်ခဲ့သူဖြစ်ပြီး မနေ့က ပွဲမှာတော့ ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။

ဖာနန်ဒက်စ်က “အရေးအကြီးဆုံးအရာက ပေါ်တူဂီ အနိုင်ရဖို့ပါပဲ၊ လူတိုင်းမှာ ရည်မှန်းချက်ရှိပါတယ်၊ ခရစ္စတီယာနိုနဲ့ ကျနော့်မှာပဲ ရှိနေတာမဟုတ်ပါဘူး၊ ပုံမှန်ဆိုရင် ကျနော်က ဖန်တီးပေးတယ်၊ သူက ဂိုးသွင်းတယ်၊ ဒါပေမယ့် ဒီနေ့တော့ အဲဒါက ပြောင်းပြန်ဖြစ်သွားတယ်၊ ကျနော့်အတွက် အရေးအကြီးဆုံးက အသင်းကို ကူညီပေးနိုင်ဖို့ပါ”

“ဖြစ်နိုင်ရင်တော့ သွင်းဂိုးတွေနဲ့ ကူညီပေးချင်တာပေါ့၊ ကျနော်တို့က ပွဲတိုင်းမှာ ဂိုးသွင်းချင်တဲ့သူတွေချည်းပါပဲ၊ ပွဲက အရမ်းပဲအရေးကြီးကြီး၊ အရေးမပါတဲ့ပွဲပဲဖြစ်ဖြစ်ပေါ့။

ကျနော့် နည်းပြတွေရဲ့ အတွေးအခေါ်၊ အယူအဆတွေကို စိတ်ထဲမှာအမြဲတမ်းအမှတ်ရနေပါတယ်၊ ဒါကြောင့်လည်း ကျနော် အခုလို ၂ ဂိုးသွင်းနိုင်ခဲ့တာဖြစ်နိုင်တယ်၊ သူတို့က ကျနော် ဘာလုပ်ရမလဲဆိုတာကို ပြောပြခဲ့ကြတာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဖာနန်ဒက်စ်ကတော့ အဖွင့်ဂိုးကို ရော်နယ်ဒိုရဲ့ ဖန်တီးပေးမှုကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။ လက်ရွေးစင်အသင်းမှာ ဂိုးပေါက်ပျောက်နေတာ အချိန် အနည်းငယ် ရှိနေပြီဖြစ်တဲ့ ဖာနန်ဒက်စ်က အရေးကြီးပွဲစဉ်မှာ အနိုင်ဂိုးတွေသွင်းယူပေးပြီး ပေါ်တူဂီကို ကာတာဆီ အရောက်ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

၂၀၂၂ အတွင်းမှာ ပေါ်တူဂီအတွက် ဖာနန်ဒက်စ်ရဲ့ ပထမဆုံးသွင်းဂိုးတွေဖြစ်ပြီး လက်ရွေးစင်ကစားသမားဘ၀ သွင်းဂိုးစုစုပေါင်းက ၈ ဂိုးအထိ ရှိလာပြီဖြစ်ပါတယ်။