ဒီနှစ် ကမ္ဘာ့ဖလားမှာ ဘယ်အသင်းတွေ ဗိုလ်စွဲသွားနိုင်လဲ ဒေးဗစ်ဘက်ခမ်း သုံးသပ် ဟောကိန်းထုတ်

မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ဖြစ်သူ ဒေးဗစ်ဘက်ခမ်းကတော့ ဒီနှစ် ကာတာမှာ ကျင်းပသွားမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ဘယ်အသင်းတွေ ဖြစ်နိုင်ခြေ များလဲ ဆိုတာ သုံးသပ် ဟောကိန်းထုတ်သွားခဲ့ပါတယ်။

လာမယ့် သောကြာနေ့မှာတော့ ၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလား အတွက် အုပ်စု မဲခွဲပွဲကို ကျင်းပသွားမှာ ဖြစ်ပြီး အဆိုပါ မဲခွဲမှု မတိုင်မီ ဘက်ခမ်းကို အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလား အိမ်မက်ကို ဘယ်အသင်းတွေ ခြိမ်းခြောက်နိုင်မလဲ ဆိုပြီး မေးမြန်းခဲ့ပါတယ်။

ဘက်ခမ်းက “ကမ္ဘာ့ဖလား ပြိုင်ပွဲ အကြောင်းကို ပြောပြီ ဆိုတာနဲ့ အားလုံးဟာ ဘရာဇီး အာဂျင်တီးနား နဲ့ ပြင်သစ် တို့ အကြောင်းကို အော်တို ပြောကြတော့တာပါပဲ။

သူတို့ဟာ ဘောလုံးမှာ တကယ့် နိုင်ငံကြီးတွေ ဖြစ်ပြီး ပြိုင်ပွဲကြီးတွေမှာ ဆုဖလားတွေ အများကြီး ရထားခဲ့ကြပါတယ်။ ကျွန်တော့်ကို နောက်ထပ် စိတ်လှုပ်ရှားစေတဲ့ အသင်း ကတော့ ဒိန်းမတ်ပဲ ဖြစ်ပါတယ်။ ကျွန်တော် ကတော့ သူတို့ဟာ မထင်မှတ် တာတွေ လုပ်ပြသွားနိုင်တဲ့ အသင်းလို့ ထင်ပါတယ်။

ဒိန်းမတ်မှာ ကစားသမားကောင်းတွေ ရှိနေပြီး သူတို့ဟာ အဓိက ပြိုင်ပွဲကြီးတွေကို အမြဲတမ်း ကောင်းကောင်း လုပ်ပြနိုင်လေ့ ရှိပါတယ်။

အိမ်ရှင် ကာတာ အသင်းရဲ့ ခြေစွမ်းကိုလည်း ကျွန်တော် ကြည့်ချင်နေပါပြီ။ သူတို့ဟာ ငယ်ရွယ်တဲ့ အသင်း ဖြစ်ပြီး ကာလရှည် အတူ တွဲဖက် ကစားလာခဲ့တာပါ။ သူတို့ဟာ တစ်ဦး အကြောင်း တစ်ဦး ကောင်းကောင်း သိထားပြီး ပြိုင်ပွဲရဲ့ atmosphere ကြောင့် သူတို့ အားတက်နေကြမှာပါ။” လို့ ဆိုခဲ့ပါတယ်။