သောကြာနေ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ မဲခွဲပွဲနဲ့ ပြိုင်ပွဲဝင်အသင်းများ၊ မဲအိုးများ အကြောင်း
၂၀၂၂ ကမ္ဘာ့ဖလား ဖလား ပြိုင်ပွဲကြီးကို နိုဝင်ဘာလ 21 ရက် ကနေ ဒီဇင်ဘာ လ 18 ရက်နေ့ အထိ ကာတာ နိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် အသင်းတွေ အားလုံးနီးပါး နာမည်စာရင်း ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။
အုပ်စု အဆင့် မဲခွဲပွဲကိုတော့ မနက်ဖြန် မြန်မာ စံချိန်တော်ချိန် ည ၁ဝ နာရီခွဲ အချိန် ၊ အိမ်ရှင် ကာတာ နိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ကာတာ ဟာ လက်ရှိ ကမ္ဘာ့အဆင့် သတ်မှတ်ချက် 52 ဖြစ်သော်လဲ ၊ အိမ်ရှင် ဖြစ်နေတဲ့ အတွက် မဲအိုး 1 မှာ နေရာယူခွင့်ရမှာ ဖြစ်ပါတယ်။ ဒါက ထုံးစံ အဖြစ် သတ်မှတ်ထားတဲ့ စည်းကမ်းပါ။
အဲဒီနောက် ခြေစစ်ပွဲအောင်ထားတဲ့ 28 သင်း ဟာ ဖီဖာ ကမ္ဘာ့အဆင့် သတ်မှတ်ချက် အရ အမြင့်ဆုံး 7 သင်းက မဲအိုး 1 မှာ ဆက်လက် နေရာယူထားရမှာ ဖြစ်ပြီး ၊ သူ့ထက် နိမ့်တဲ့ 8 သင်းက မဲအိုး 2 မှာ လည်းကောင်း ၊ သူ့ထက် ပိုနိမ့်တဲ့ 8 သင်း က မဲအိုး 3 နဲ့ အနိမ့်ဆုံး 8 သင်းက မဲအိုး 4 မှာ ထိုင်ကြရမှာပါ။
မဲအိုး တစ်ခုထဲမှာ ထိုင်ခွင့်ရတဲ့ အသင်းတိုင်းဟာ အုပ်စုတွင်းမှာ တစ်အုပ်စုထဲ လုံး၀ ကျရောက်မှာ မဟုတ်ပါဘူး။ လက်ရှိ အနေအထား အရ မဲအိုးရပ်တည်မှုကို ကြည့်ရင် အောက်ပါ အတိုင်းတွေ့ရပါတယ်။

မဲနှိုက်တဲ့ အချိန်မှာ ကမ္ဘာ့ဖလား အိမ်ရှင် အဖြစ် ကျင်းပမယ့် ကာတာ အသင်းက အဖွင့်ကစားရမှာ ဖြစ်လို့ မဲအိုး 1 မှာ ရှိတဲ့ ကာတာ ဟာ Group A မှာ အလိုအလျှောက် နေရာယူရမှာပါ။ အဲဒီနောက်မှာတော့ မဲအိုး 1 မှာ ရှိတဲ့ လက်ကျန် 7 သင်းကို Group B/C/D/E/F/G/H အဖြစ် ဆက်ပြီး ခွဲသွားမှာ ဖြစ်ပါတယ်။
အဲဒီ အတိုင်းပဲ မဲအိုး 2 ၊ မဲအိုး 3 ၊ မဲအိုး 4 က အသင်းတွေကိုလဲ ဆက်ပြီး မဲခွဲသွားမှာပါ။
ထူးခြားတဲ့ ကန့်သတ်ချက် အနေနဲ့တော့ တိုက်ကြီး တစ်တိုက် အတွင်းက အဖွဲ့ဝင် ဘောလုံးအသင်း အချင်းချင်း တွေ့မှာ မဟုတ်ပါဘူး။

သို့သော် ဥရောပ က ပြိုင်ပွဲဝင် 13 သင်း အထိ ခြေစစ်ပွဲ အောင်မြင်ထားတာကြောင့် အဆိုပါ စည်းမျဉ်းကို လိုက်နာဖို့ မဖြစ်နိုင်ပြန်ပါဘူး ၊ ဒါကြောင့်မို့ ဥရောပ အသင်းတွေ အနေနဲ့ တစ်အုပ်စုထဲမှာ အများဆုံး 2 သင်း အထိ ပါဝင်ခွင့် ပေးထားပါတယ်။
အုပ်စု ပွဲစဉ် ဇယားတွေကို မဲခွဲပြီးတဲ့ တစ်ပြိုင် နဲ့ ဖီဖာ က တရားဝင် ထုတ်ပြန် ကြေငြာပေးသွားမှာ ဖြစ်ပါတယ်။