မတ်လ အကောင်းဆုံး ဆုရ အာတီတာ၊ ပီပီ၊ တီယာနေး၊ မာတင်နယ်လီနဲ့ ယနေ့ည အာဆင်နယ် သတင်းများ

အာဆင်နယ် နည်းပြ အာတီတာက မတ်လအတွက် တစ်လတာ ပရီးမီးယားလိဂ် မန်နေဂျာ ဆု ကို ရရှိသွားခဲ့ပါတယ်။ အာတီတာက ထိုဆုကို လီဗာပူးနည်းပြ ကလော့ပ်ကို ကျော်ဖြတ် ရရှိခဲ့တာပါ။

လီဗာပူးဂန္ထဝင်ဟောင်း ဂျွန်ဘန်းစ်က အာဆင်နယ်တောင်ပံကစားသမား ပီပီအနေနဲ့ နည်းပြ အာတီတာရဲ့နည်းစနစ်ပိုင်းနဲ့ အံ့ဝင်ခြင်း မရှိတာကြောင့် အသင်းကနေ ထွက်ခွာသင့်ကြောင်း၊ အာဆင်နယ်အနေနဲ့ ပီပီကို ရောင်းလိုက်ရင် ငွေကြေး အနည်းငယ်ပြန်ရနိုင်ပြီး တခြားကစားသမားတွေကို ဝယ်နိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

လီဗာပူး ကစားသမားဟောင်း ကာရေဂါက ဒီရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ်က ချန်ပီယံလိဂ်ဝင်ခွင့် ရရှိနိုင်ကြောင်း၊ မန်ယူနဲ့ စပါးတို့ဟာ ထိပ်တန်းကစားသမားတွေရှိပေမဲ့ အာဆင်နယ်က လူငယ်တွေနဲ့ ဖွဲ့စည်းထားပြီး စစ်မှန်တဲ့ အသင်းဖြစ်ကြောင်း၊ အာဆင်နယ်ကို ကြည့်လိုက်ရင် အာတီတာရဲ့အသင်းလိုခံစားရကြောင်း ဆိုခဲ့ပါတယ်။

ဘရာဇီးဝါရင့်နောက်ခံလူ အဲဗက်စ်က အာဆင်နယ်လူငယ်ကြယ်ပွင့် မာတင်နယ်လီကို ချီးကျူးမှုပြုလုပ်ခဲ့ပြီး မာတင်နယ်လီကို အသင်းမှာ ပိုင်ဆိုင်ထားရတာ ပျော်ရွှင်ဖွယ်ကောင်းကြောင်း ဖွင့်ဟခဲ့ပါတယ်။ မာတင်နယ်လီကလည်း အဲဗက်စ်နဲ့ တွဲကစားရတာ ကျေနပ်ဖွယ်ကောင်းတယ်လို့ တုံပြန်ခဲ့ပါတယ်။

ဝက်စ်ဟမ်းတိုက်စစ်မှူးဟောင်း အာဗင်နီက အာဆင်နယ်နောက်ခံလူ တီယာနေးဟာ ထိပ်တန်းအဆင့်မှာ ကစားနိုင်သူဖြစ်ပြီး သူကစားချင်တဲ့ ဘယ်နေရာမှာမဆို ကစားနိုင်သူဖြစ်ကြောင်း၊ တီယာနေးအတွက် ပေါင်သန်း ၅၀ ဆိုတာ ဈေးပေါလွန်းကြောင်း၊ တီယာနေးဟာ အမြဲတမ်း တိုးတက်နေသူဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။

အာဆင်နယ် ပစ်မှတ်ထားနေတဲ့ ဘင်ဖီကာတိုက်စစ်မှူး နူနက်ဇ်ကို ခေါ်ယူဖို့အတွက် မန်ချက်စတာယူနိုက်တက်ကလည်း ပစ်မှတ်ထားလာကြောင်း တယ်လီဂရပ်ဖ် သတင်းက ဖော်ပြထားပါတယ်။ နူနက်ဇ်ကို ခေါ်ယူဖို့အတွက် ပေါင်သန်း ၆၀ အသုံးပြုရဖွယ် ရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့အသင်းက ခေါ်ယူနိုင်ဖွယ်ရှိနေပါတယ။

ပဲလေ့စ်နည်းပြ ဗီအဲရာကတော့ အာဆင်နယ်နဲ့ ကစားမဲ့ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဓိကတိုက်စစ်မှုး ဇာဟာ ပါဝင်နိုင်ဖို့ မျှော်လင့် နေပါတယ်။ ဒီရာသီမှာ ပဲလေ့စ်အတွက် ၁၀ ဂိုး သွင်းယူထားတဲ့ ဇာဟာအနေနဲ့ ကြာသပတေးနေ့ က လေ့ကျင့်ခန်း ဆင်းနိုင်ခြင်းမရှိဘဲ ဗီအဲရာကတော့ ဇာဟာရဲ့ အခြေအနေကို စောင့်ကြည့် ရမှာ ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။