ဖလားလက်မဲ့ချည်း ရာသီဆက်နေတဲ့ မန်ယူအသင်းကို မသိသလိုနဲ့ ဖဲ့သွားတဲ့ လာပေါ့တေး

မန်ချက်စတာစီးတီးအသင်းရဲ့ စပိန်နောက်ခံကစားသမား အမ်းမရစ် လာပေါ့တေး က သူတို့အသင်းရဲ့ ဆုဖလား အောင်မြင်မှုတွေဟာ သူတို့ရဲ့ အိမ်နီးချင်း ကလပ်အသင်းအတွက် စိတ်အနှောင့်အယှက် ဖြစ်စေရတယ်လို့ ပြောဆိုကာ ဖလားလက်မဲ့ ရာသီတွေ များနေတဲ့ မန်ယူအသင်းကို လှောင်ပြောင်လိုက်ပါတယ်။

မန်စီးတီးနဲ့ ြမို့ခံပြိုင်ဘက် မန်ျခက်စတာ ယူနိုက်တက်အသင်းတို့ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း နှစ်ကြိမ်တိုင် တွေ့ဆုံဖူးထားပြီး အိုးထရက်ဖို့ဒ်မှာလည်း ၂-ဝ နဲ့ အနိုင်ယူထားသလို အယ်တီဟတ်မှာပါ ၄-၁ နဲ့ နှစ်ပွဲစလုံး အနိုင်ယူထားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဆုဖလားအောင်မြင်မှုတွေကို ရယူထားနိုင်ခဲ့တာဖြစ်လို့ ဒီလို အောင်မြင်မှုတွေက ဖလားမရတာ ကြာပြီ ဖြစ်တဲ့ သူတို့ရဲ့ မြို့ခံအသင်းဖြစ်တဲ့ ယူနိုက်တက်အတွက် စိတ်အနှောင့်အယှက် ဖြစ်နေရလိမ့်မယ်လို့ လာပေါ့တေး က ဆိုပါတယ်။

“သူတို့က ကျွန်တော်တို့တွေကို ငြီးငွေ့နေတာ မဟုတ်နိုင်ဘူး။ ဒါပေမယ့်လည်း ကျွန်တော်တို့ အမြဲတမ်း နိုင်ပွဲတွေ ရနေတာကိုလည်း သာမာန်ပဲလို့ သူတို့ထင်ကြမှာတော့ မဟုတ်ဘူး။ ကျွန်တော် အမှတ်မမှားဘူးဆိုရင် (၄)နှစ်တာအတွင်းမှာ ကျွန်တော်တို့ ဆုဖလား(၁၁)ခုအထိကို ဆွတ်ခူးနိုင်ခဲ့ရပါတယ်။

ဒါက လူတချို့ကိုတော့ စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ အဲ့ဒါက ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်းတွေလို ဘာတစ်ခုမှ မအောင်မြင်နိုင်ခဲ့တဲ့ လူတွေကို ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။ သူတို့မှာ အားပေးနေသူတွေ အများကြီး။ ပြီးတော့ ကျွန်တော်တို့တွေက တစ်မြို့တည်းရယ်။

သူတို့ ဘာလို့ အခုလို ဖြစ်နေရသလဲဆိုတာကို နားလည်ရခက်တယ်။ သူတို့လည်း ငွေကြေးအကုန်အကျတွေများစွာ သုံးစွဲခဲ့သေးတာလေ။ ဒါပေမယ့် အနိုင်ရသူဆိုတာကတော့ တစ်ဦးတည်းပဲ ရှိနေမှာပါ” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

လာပေါ့တေး ရဲ့ မန်စီးတီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာ ကနေ ဦးဆောင်နေသလို ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ်ကို တတ်လှမ်းထားပါတယ်။ ဒါ့အပြင် အက်အေဖလားပြိုင်ပွဲဘက်မှာလည်း ဆီမီးထိ ရောက်ရှိနေတာကြောင့် ဒီရာသီ ဖလား(၃)လုံးလမ်းကြောင်းမှာ ရှိနေပါတယ်။