ချန်ပီယံလိဂ် အပြင် ယူရိုပါလိဂ်တောင် မသေချာ ဖြစ်လာနေတဲ့ မန်ချက်စတာ ယူနိုက်တက်

ဒီတပတ် ပရီးမီးယားလိဂ်မှာ အဆင့်(၄)နေရာက အာဆင်နယ် အသင်းကြီးတွေနဲ့ပွဲကလွဲလို့ ကျန်တဲ့ပွဲတွေမှာ ရလဒ် ကောင်းနေချိန်၊ စပါးအသင်းကလည်း ခြေပြန်တက်နေချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြိုင်ဖြစ်နေတဲ့ ယူနိုက်တက်တို့ က လက်စတာနဲ့ ၁ဂိုးစီ သရေကျသွားခဲ့ပါတယ်။

မန် ယူနိုက်တက်က အာဆင်နယ်ထက် (၂)ပွဲပို၊ (၃)မှတ်၊ စပါးအသင်းထက် (၁)ပွဲပို၊ (၅၁)မှတ်ချင်းတူနေလို့ သင်္ချာနည်း အရ အဆင့်(၄)နေရာအတွက်မျှော်လင့်ချက်ရှိနေသေးပေမယ့် မြေပြင်အခြေအနေအရ ကိုယ့်အသင်းက ခြေစွမ်းတည်ငြိမ်မှုမရှိတာကြောင့် ယူနိုက်တက်တို့ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရနိုင်ပါ့မလား ဆိုတာ သံသယ ဖြစ်စရာ ကောင်းနေတယ်။

လက်စတာဟာ ခြေစွမ်းမာကျောပြီး အသင်းကြီးတွေကို ဒုက္ခပေးနိုင်တယ်ဆိုပေမယ့် ရာသီကုန်ခါနီးဖြစ်သလို ကစားရမယ့် ပွဲကလည်း သိပ်အများကြီးမကျန်တော့ဘဲ အရေးကြီးတဲ့အချိန်မျိုးမှာ ဒီလိုပွဲကိုတော့ ယူနိုက်တက် မဖြစ်မနေ အနိုင် ကစားသင့်ပါတယ်။

စီရော်နယ်လ်ဒို မပါနိုင်လို့ တိုက်စစ်ပိုင်းအားနည်းခဲ့ပေမယ့် ဒါက လုံလောက်တဲ့ဆင်ခြေ မဟုတ်ပါဘူး။ ဒီပွဲမှာ ရန်နစ်ခ်က ဘရူနိုဖာနန်ဒက်စ်ကို False 9 ပုံစံအသုံးပြုခဲ့ပြီး ဆန်ချို၊ အီလန်ဂါ၊ ပေ့ါဘာတို့နဲ့ တိုက်စစ်ပွဲထွက်ခဲ့ပါတယ်။

ဒါပေမဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ ပြိုင်ဘက် ဂိုးဧရိယာတစ်ဝိုက်မှာ လှုပ်ရှားကစားတာထက် ကွင်းလယ်အထိ ဆင်းပြီးတော့ ဘောလုံးယူ၊ တစ်ကွင်းလုံးပတ်ကစားလေ့ရှိတဲ့အတွက် တောင်ပံတွေက ဖြတ်တင်ဘော တင်တဲ့အခါ လက်စတာ အသင်း ပင်နယ်တီ ဧရိယာထဲမှာ ယူနိုက်တက်ကစားသမားတွေ အသင့်မရှိခဲ့ပါဘူး။

ပေ့ါဘာကလည်း ကွင်းလယ်တိုက်စစ်နေရာမှာ ကစားနိုင်တဲ့သူမဟုတ်တဲ့အတွက် ယူနိုက်တက် တိုက်စစ် အားနည်းချက်တွေ ရှိခဲ့ပြီး စီရော်နယ်လ်ဒို၊ ကာဗာနီတို့နှစ်ယောက်စလုံး မကစားနိုင်တာက ထိုးနှက်ချက်ဖြစ်ခဲ့ရပါတယ်။

နောက်ပိုင်းပွဲတွေမှာ သိသိသာသာခြေတက်လာတာက ဖရက်ဒ်ပဲဖြစ်ပြီး သူ ကောင်းလာတော့လည်း တွမ်မီနေးက ပြန်ကျသွားတာကြောင့် ယူနိုက်တက် ကွင်းလယ်က တည်ငြိမ်မှု မရှိပြန်ပါဘူး။

တွမ်မီနေးဟာ Physical ပိုင်းအရ ကြံ့ခိုင်မှုရှိပေမယ့် သူက Ball Winner တစ်ယောက်မဟုတ်လို့ ကွင်းလယ်အဖျက် အားနည်းသလို ဘောလုံးဖျက်ထုတ်ရင်လည်း Foul ဖြစ်တာက ပိုများပါတယ်။

လက်စတာအသင်းဘက်မှာ အီဟီယာနာချို၊ မက်ဒီဆင်၊ ဟာဗေဘန်းစ်တို့ရဲ့ တွဲလုံးတွေကိုသာ အဓိက ထား ကစားခဲ့ ရပေမယ့် ထိုးဖောက်မှုတွေက ထိရောက်ခဲ့ပြီး ဟာဗေဘန်း မလိုအပ်ဘဲ ကန်ချင်စိတ်များနေတာကြောင့် အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတယ်လို့ပြောရမယ်။

ယူနိုက်တက် ခံစစ်မှာ ပြီးခဲ့တဲ့အင်္ဂလန်ပွဲတုန်းက အလှောင်ခံရတဲ့ မက်ဂွိုင်းယား ဒီပွဲမှာတော့ တည်ငြိမ်မှု အပြည့်နဲ့ ကစားနိုင်ခဲ့ပါတယ်။ ယူနိုက်တက် ကစားပုံက အဆိုးရွားကြီးမဟုတ်ပေမယ့် ဂိုးရနိုင်လောက်တဲ့ အနေအထား မရှိခဲ့ဘဲ (၆၃)မိနစ်မှာ လက်စတာအသင်းဘက်ကို Counter ကစားဖို့ကြိုးစားနေရင်းကနေ ဘောလုံးပျက်သွားပြီး မက်ဒီဆင် ဂိုးရှေ့ဖြတ်တင်ပေးလိုက်တာကို အီဟီယာနာချိုက အလိုက်သင့် ခေါင်းတိုက် သွင်းယူ ခဲ့တာကြောင့် လက်စတာ ဦးဆောင်ဂိုး ရခဲ့တယ်။

မန်စီးတီး ကစားသမားဘဝတုန်းက အိုးလ်ထရက်ဖို့ဒ်မှာ ဂိုးသွင်းယူခဲ့ဖူးတဲ့ အီဟီယာနာချိုဟာ ယူနိုက်တက်နဲ့တွေ့ရင် ဂိုးမြူးလေ့ရှိပြီး (၅)ဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ (၃)မိနစ်လောက်အကြာမှာ ယူနိုက်တက်ချေပဂိုးပြန်ရခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်ရဲ့ကန်ချက်ကို ရှမိုက်ကယ် ကာကွယ်နိုင် ခဲ့ပေမယ့် ပယ်နယ်တီဧရိယာထဲ အသင့် ရှိနေတဲ့ဖရက်ဒ်က ပိတ်သွင်းခဲ့ပါတယ်။

ယူနိုက်တက်အသင်းရဲ့ စိတ်ပျက်စရာနောက်တစ်ခုက အရန်စာရင်းမှာ ပွဲအဖြေပြောင်းလဲနိုင်တဲ့ ကစားသမားမျိုးမရှိဘဲ ရပ်ရှ်ဖို့ဒ် ဝင်လာခဲ့ပေမယ့် တိုက်စစ်က ဘာမှထူးခြားမလာခဲ့ဘူး။

လက်စတာကွင်းလယ်လူ မက်ဒီဆင် ဂိုးသွင်းခဲ့ပေမယ့် အဲဒီမတိုင်ခင် အီဟီယာနာချိုက ဗာရန်းကို Foul လုပ်ခဲ့တဲ့ အတွက် ဒိုင်လူကြီးက VAR ပြန်ကြည့်ပြီးတော့ ဂိုးမပေးခဲ့လို့ ယူနိုက်တက် သက်သာခဲ့တာပါ။

လက်ကျန် မိနစ်တွေမှာ ယူနိုက်တက်တစ်သင်းလုံး အသည်းအသန် ကစားနေပေမယ့် ပွဲအဖြေ အပြောင်းအလဲ ဖြစ်မလာဘဲ သရေနဲ့ပြီးဆုံးခဲ့ပြီး ဒီပုံစံအတိုင်းသာဆိုရင် ယူနိုက်တက်တို့ အဆင့်(၄)မပြောနဲ့ ယူရိုပါလိဂ် ဝင်ခွင့် ရဖို့တောင် မသေချာဘူး ဖြစ်နေပါတယ်။