အသင်းပြောင်းချင်နေတဲ့ တိုက်စစ်မှုး တီမိုဝါနာ အတွက် ချဲလ်ဆီးက ဈေး သတ်မှတ်ထားလိုက်ပါပြီ

ချဲလ်ဆီး တိုက်စစ်မှုး တီမိုဝါနာက လာမယ့် နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ချဲလ်ဆီးအသင်းကနေ ထွက်ခွာသွားဖို့ ဆန္ဒရှိနေပြီး ချဲလ်ဆီးအသင်းကလည်း ဂျာမန်လက်ရွေးစင် ကစားသမား အတွက် တန်ကြေး သတ်မှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ချဲလ်ဆီး က တီမိုဝါနာ အတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၃၃ သန်းနဲ့ ကမ်းလှမ်း လာမှသာ စဉ်းစားသွားမယ်လို့ သိရှိရပါတယ်။

ဂျာမနီလက်ရွေးစင်တိုက်စစ်ကစားသမား ဝါနာဟာ ချဲလ်ဆီးအသင်းကို လူကာကူရောက်ရှိလာချိန်မှာပဲ သူရဲ့ ပွဲကစားခွင့်တွေက သိသိသာသာ နည်းပါးလာခဲ့တာပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလဲ အုပ်စုနောက်ဆုံးပွဲစဉ်ကိုသာ ပွဲထွက်ကစားခဲ့ရတဲ့အထိ ဝါနာရဲ့အရေးပါမှုက ကျဆင်းသွားခဲ့ရပါတယ်။

ဒီလို အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ ဂျာမနီတိုက်စစ်မှူးဝါနာအနေနဲ့ ချဲလ်ဆီးအသင်းကနေ ထွက်ခွာသွားဖို့ အဆင်သင့် ဖြစ်နေပြီလို့ ဂျာမန်သတင်းများက ဖော်ပြ လာခဲ့ပါတယ်။ လိုက်ပ်ဇစ်ကစားသမားဟောင်း ဝါနာဟာ လန်ဒန်ကနေ ထွက်ခွာသွားဖို့ အတွက် သူရဲ့ အကြံပေးဖြစ်သူနဲ့ ဆွေးနွေးမှုတွေရှိခဲ့တယ် လို့လည်း သိရပါတယ်။

တီမိုဝါနာကိုယ်တိူင်က ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ် ကိုင်တွယ်နေတဲ့ချဲလ်ဆီးအသင်းမှာ ကစားရခြင်းထက် ဂျာမနီ လက်ရွေးစင်အသင်းရဲ့ နည်းစနစ်တွေ အောက်မှာကစားရခြင်းက သူ့အတွက် ပိုအံဝင်မှု ရှိကြောင်းကိုပါ မကြာသေးခင်ပဲ ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။ ဒီအတွက်ကြောင့် ဝါနာနဲ့ချဲလ်ဆီးအသင်းတို့ကြားမှာ ပိုမိုလှုပ်ခတ်လာဖွယ်လည်း ရှိလာနိုင်ပါတယ်။

ချဲလ်ဆီးအတွက် နောက်ဆုံးပရီးမီးယားလိဂ် ၈ ပွဲမှာ တစ်ဂိုးမှ မသွင်းယူနိုင်ခဲ့တဲ့ဝါနာဟာ ဂျာမနီအသင်းအတွက် နောက်ဆုံးကစားထားတဲ့၆ ပွဲမှာ သွင်းဂိုး ၆ ဂိုးထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။

ဝါနာဟာ ဒီနှစ် ဘောလုံးရာသီမှာ ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံ ၂၈ ပါဝင်ကစားထားပြီး သွင်းဂိုး ၇ ဂိုး သွင်းယူ ပေးထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လဲ အဲ့၇ဂိုးမှာ သူရဲ့ပရီးမီးယားလိဂ်သွင်းဂိုးက ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။