ဂန်းနားတွေ ကစားပုံကောင်းတယ် ဆိုတဲ့ ဗီအဲရာ၊ စပါးက သာနေပြီလို့ ရွန်းနီ ဆိုခြင်းနဲ့ အာဆင်နယ် သတင်းများ
မန်ယူဂန္ထဝင်ဟောင်း ဝိန်းရွန်းနီက အာဆင်နယ်အနေနဲ့ ပဲလေ့စ်ကို အရေးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စပါးက အလေးသာသွားပြီဖြစ်ကြောင်း၊ စပါးဟာ အတွေ့အကြုံရင့် ကစားသမားတွေကိုပိုင်ဆိုင်ထားပြီး စပါးကို ပိုမို အလေးပေးလိုကြောင်း ဆိုခဲ့ပါတယ်။
ပဲလေ့စ်နည်းပြ ဗီအဲရာက အာဆင်နယ်နဲ့ပွဲမှာ မိမိတို့ရဲ့ ကစားပုံက အလွန်ကောင်းမွန်ခဲ့ကြောင်း၊ အထူးသဖြင့်မိမိတို့ ခံစစ်ကြောင်း က အာဆင်နယ်တိုက်စစ်ကို ဘယ်လိုနေရာလွတ်မှ မပေးခဲ့ကြောင်း၊ အာဆင်နယ်တိုက်စစ်မှုး လာကာဇက် ကို ဖိအားပေးထားနိုင်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။
လီဗာပူး ကစားသမားဟောင်း ကာရေဂါက ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် အာဆင်နယ်အနေနဲ့ ထိတ်လန့်စရာမလိုဘဲ တည်တည်ငြိမ်ငြိမ် ရှိဖို့ လိုအပ်ကြောင်း၊ လက်ရှိမှာ အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်နေရာကောင်းမှာ ရပ်တည်နေသေးပြီး မန်ယူ၊ စပါးတို့ထက် အခြေအနေကောင်းနေသေးကြောင်း၊ အာဆင်နယ်ဟာ အဝေးကွင်း ၆ ပွဲမှာ ၅ ပွဲအထိ အနိုင်ယူနိုင်ခဲ့ကြောင်း အားပေးစကားဆိုခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ ဗီလာမှာ အငှားကစားနေတဲ့ ဘာစီလိုနာကွင်းလယ်လူ ကော်တင်ဟိုကို ခေါ်ယူဖို့အတွက် ယူရို သန်း ၄၀ အထိအသုံးပြုဖို့ အဆင်သင့်ဖြစ်ကြောင်း သိရပါတယ်။ ကော်တင်ဟိုကိုဗီလာက အပြီးသတ်ခေါ်ယူချင်သလို နယူးကာဆယ် က စိတ်ဝင်စားနေတာပါ။ ကော်တင်ဟိုကတော့ လစာထက် သူကစားရတာ ပျော်ရွှင်ပြီး သက်တောင့် သက်သာဖြစ်မဲ့ အသင်းကိုပဲ ရွေးချယ်လိုနေပါတယ်။
အာဆင်နယ် ကစားသမားဟောင်း အီကွာဒါကိုတော့ အာဆင်နယ်အနေနဲ့ နည်းပြအာတီတာရဲ့လက်အောက်မှာ နောက် ၅ နှစ် အတွင်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်မှာဖြစ်ကြောင်း၊ အာဆင်နယ်ဟာ လျင်မြန်စွာတိုးတက်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ ထိုက်တန်ကြောင်း ချီးကျူးခဲ့ပါတယ်။
အာဆင်နယ် ကစားသမားဟောင်း ကီဗင်ကမ်းဘဲလ်ကတော့ အာဆင်နယ်အနေနဲ့ တောင်ပံကစားသမား ပီပီကို ရောင်းချဖို့ တိုက်တွန်းလိုက်ပါတယ်။ ပီပီဟာ ဘောလုံးကစားခွင့်ရလိုပြီး အာတီတာအနေနဲ့ သူ့ကိုပွဲထွက်ခွင့်မပေးနိုင်ရင် ရောင်းလိုက် သင့်ကြောင်း၊ ပီပီကိုေ ရာင်းချပြီး ငွေရှာသင့်ကြောင်း ကမ်းဘဲလ်က ဆိုခဲ့ပါတယ်။

အာဆင်နယ်နောက်ခံလူဆယ်ဒရစ်က အသင်းဖော် လူငယ်တိုက်စစ်မူှး မာတင်နယ်လီကို စီရော်နယ်ဒိုနဲ့ ခိုင်းနှိုင်းခဲ့ပြီး မာတင်နယ်လီ ဟာ နေရာလွတ်တွေကို အသုံးချတတ်ပုံက စီရော်နယ်ဒိုနဲ့ ဆင်တူကြောင်း၊ မာတင်နယ်လီဟာ အမြဲတမ်း ဂိုးသွင်းချင်နေသူဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
အာဆင်နယ်ဂိုးသမား လီနိုအနေနဲ့ နယူးကာဆယ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခြင်းမရှိကြောင်း သိရပါတယ်။ လီနိုဟာ လာမဲ့နွေရာသီမှာ အာဆင်နယ်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီးဘွန်ဒက်လီဂါကိုပြန်ပြောင်းဖို့ပဲ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။ အာဆင်နယ်က သူ့ကို ပေါင် ၅ သန်းနဲ့ ၁၀ သန်းကြားရရင် ရောင်းထုတ်တော့မှာလို့ သိရပါတယ်။