ပက် နိုင်ပွဲအပြီး ပြောစကား၊ ကိုဗစ်ထိနေတဲ့ အန်ဆယ်လော့တီ၊ တီယာနေး ဒဏ်ရာနဲ့ နေ့လည်ခင်း သတင်းများ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အက်သလက်တီကိုနဲ့ ပွဲအပြီးမှာ သူတို့ဟာ အံ့ဖွယ်ကောင်းပြီး ခက်ခဲတဲ့ ထိပ်တန်း အသင်းနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ကြောင်း၊ လူစားလဲမှုတွေပြုလုပ်အပြီးမှာ သူတို့အသင်းဟာ ပိုကောင်းလာခဲ့ကြောင်း၊ ဒီပြိုင်ပွဲမှာ အတွေ့အကြုံရင့်ကျက်နေတဲ့အသင်းနဲ့ ရင်ဆိုင်ရတာ မလွယ်ကြောင်း၊ ဒါပေမဲ့ ဒုတိယအကျော့မှာလည်း ဂိုးတွေ သွင်းပြီး အနိုင်ရရှိအောင် ကြိုးပမ်းသွားမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

တူရကီ ကလပ် ဖီနာဘာချီ ဟာ အေစီမီလန် နဲ့ အပြိုင် လီဗာပူး တိုက်စစ်မှူး အိုရီဂီ ကို စိတ်ဝင်စား လာခဲ့တယ်လို့ ကြားသိရပါတယ်။

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ပီတစ်က ချဲလ်ဆီးနည်းပြတူချယ်အနေနဲ့ မန်ယူအသင်းမှာဆိုရင် အောင်မြင်မှာ မဟုတ်ဘဲ ကျရှုံးမှာဖြစ်ကြောင်း၊ တူချယ်ဟာ တစ်ခါတစ်လေမှာ ဖိအားတွေကို ကိုင်တွယ်ဖို့ခက်ခဲနေကြောင်း၊ မန်ယူမှာက ချဲလ်ဆီးမှာထက် ဖိအားများကြောင်း၊ မန်ယူလိုအသင်းမှာက အဝတ်လဲခန်းအတွင်း စည်းလုံးမှု ရှိအောင် ပြုလုပ်ပေးနိုင်သူမျိုး လိုအပ်ကြောင်း ဆိုခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီး က တကယ်လို့ အသင်းနဲ့ သက်တမ်းမတိုး ဖြစ်ခဲ့ရင် လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာကို ပြောင်းရွှေ့ဖွယ်ရှိနေကြောင်းသိရပါတယ်။ လီဝန်ဒေါစကီးရဲ့အေးဂျင့် ဇာဟာဗီကလည်း ဘာစီလိုနာနဲ့ ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

မန်ချက်စတာ ရဲတပ်ဖွဲ့ဟာ လာမယ့် တနင်္ဂနွေမှာ ကစားမယ့် မန်စီးတီး – လီဗာပူး ပွဲအတွက် လုံခြုံရေး တိုးမြှင့်ချထားဖို့ စီစဉ် နေပြီး နှစ်ဖက် ပရိသတ်တွေ ခိုက်ရန် ဖြစ်ပွားနိုင်တာကို ခန့်မှန်း သုံးသပ် ပြင်ဆင် နေကြတယ်လို့ သိရပါတယ်။

ရီးရဲမက်ဒရစ်နည်းပြ အန်ဆယ်လော့တီအနေနဲ့ ချဲလ်ဆီးနဲ့ ယှဉ်ပြိုင်ကစားမဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လိုက်ပါနိုင်ခြင်း မရှိကြောင်း သိရပါတယ်။ အန်ဆယ်လော့တီဟာ ကိုဗစ်ကူးစက်ခံထားရပြီး အင်္ဂလန်မြေကို လိုက်ပါဖို့ မသေချာဖြစ် နေတာပါ။ ၎င်း မပါနိုင်ရင် သားဖြစ်သူ ဒေးဗီး အန်ဆယ်လော့တီ တာဝန်ယူဖို့ ရှိပါတယ်။

အာဆင်နယ်နောက်ခံလူ တီယာနေးအနေနဲ့ သူ့ရဲ့ဒူးဒဏ်ရာကိုခွဲစိတ်ရမှာဖြစ်တာကြောင့် လက်ကျန်တစ်ရာသီလုံးကို လွဲချော်တော့မှာဖြစ်ပေါတယ်။ တီယာနေးဟာ လေ့ကျင့်ရေးကွင်းမှာဒဏ်ရာပြဿနာဖြစ်ပေါ်ခဲ့ပြီး ပြီးခဲ့တဲ့ ပဲလေ့စ်နဲ့ပွဲကို လွဲချော်ခဲ့သူပါ။ တီယာနေးရဲ့ ဒဏ်ရာသတင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားခံလို့မရတဲ့ အာဆင်နယ် အတွက်တော့ ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုပါပဲ။

ဘာစီလိုနာ အသင်းဟာ လူငယ်လေး ရော်နယ် အာရူဟို ကို စာချုပ်သစ် ချုပ်ဆို နိုင်တော့မယ်လို့ သိရပါတယ်။ ဘာစီလိုနာ တာဝန်ရှိသူတွေဟာ အာရူဟို ရဲ့ အေးဂျင့် နဲ့ မနေ့က တွေ့ဆုံ ခဲ့ပြီး အပေါင်း လက္ခဏာဆောင်တဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့ပါတယ်။