ဖန်တွေ အပီအားပေးဖို့ တူချယ် တိုက်တွန်းမှု၊ ဒီညပါမယ့် အန်ဆယ်လော့တီနဲ့ ဒီည ပွဲကြို ချဲလ်ဆီး သတင်းများ
ချဲလ်ဆီး အသင်း ဟာ ယနေ့ညမှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ အဖြစ် စပိန် လာလီဂါရဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ ရီးရဲလ်မက်ဒရစ် အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ဧည့်ခံ ကစားသွားဖို့ ရှိနေပါတယ်။
ချဲလ်ဆီးနဲ့ မန်စီးတီး တောင်ပံ ကစားသမားဟောင်း ရှောင်ရိုက်ဖီးလစ် က ချဲလ်ဆီး ဟာ ဒီည ချန်ပီယံလိဂ် ပွဲမှာ ရီးရဲလ်မက်ဒရစ်ရဲ့ တိုက်စစ်မှူး ကာရင် ဘန်ဇီမာ၊ ကွင်းလယ်လူ တိုနီ ကရူးစ်နဲ့ လူကာ မိုဒရစ်တို့ကို သတိထား ကစားဖို့ လိုကြောင်း သုံးသပ် သတိပေးခဲ့ပါတယ်။

ဒါ့အပြင် ရိုက်ဖီးလစ် က ချဲလ်ဆီး အသင်းပိုင်ရှင်သစ်သာ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေ ဖြစ်ခဲ့ရင် ၊ ချန်ပီယံလိဂ် ဝင်ခွင့် ရရုံနဲ့ လုံလောက်မှာ မဟုတ်ကြောင်း သတိပေးခဲ့ပါတယ်။
ရီးရဲလ်နဲ့ ပွဲမှာ ချဲလ်ဆီး ပရိသတ်တွေရဲ့ အူလှိုက်သည်းလှိုက် အားပေးမှုတွေ လိုအပ်ကြောင်းကို နည်းပြ တူချယ်က “ကျနော်တို့ ကစားသမားတွေ ကိုယ်တိုင်က ကွင်းထဲမှာ စနေနေ့ကထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်မျိုးကို ပြသဖို့ လိုအပ်သလို ပရိသတ်တွေရဲ့ ပိုမိုကောင်းမွန်တဲ့ အားပေးမှုကိုလည်း ကျနော်တို့ သေချာပေါက်လိုအပ်ပါတယ်။ ကွင်းထဲကခေါင်မိုးတွေ ပွင့်ထွက်သွားတဲ့အသံတွေကို ကျနော်တို့ လိုချင်ပါတယ်” လို့ ပွဲကြိုမှာ ပြောဆိုခဲ့ပါတယ်။
ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က အသင်းဟောင်း ရီးရဲလ်နဲ့ တဖန် ထပ်ဆုံရမယ့် ကိုဗာဆစ် ဟာ လေ့ကျင့်ရေး အစီအစဉ်တွေမှာ အံ့ဖွယ် လူငယ်တဦးလို ပြုမူ လေ့ကျင့်တတ်ကြောင်း ချီးကျူးရင်း မကြာခင်မှာ ၎င်းဟာ နောက်ထပ် ခြေစွမ်း အဆင့် တဆင့်ဆီ တက်လှမ်းလာဦးမယ်လို့ သုံးသပ်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်မန်နေဂျာ အန်ဆယ်လော့တီတစ်ယောက် ကိုဗစ် စစ်ဆေးရာတွင် negative အဖြေ ထွက်ခဲ့လို့ ချဲလ်ဆီးနဲ့ကစားမည့် ယနေ့ည ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲတွင် အသင်းအား ကြီးကြပ်သွားနိုင်မှာ ဖြစ်ပါတယ်။

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ပီတစ်က ချဲလ်ဆီးနည်းပြတူချယ်အနေနဲ့ မန်ယူအသင်းမှာဆိုရင် အောင်မြင်မှာ မဟုတ်ဘဲ ကျရှုံးမှာဖြစ်ကြောင်း၊ တူချယ်ဟာ တစ်ခါတစ်လေမှာ ဖိအားတွေကို ကိုင်တွယ်ဖို့ခက်ခဲနေကြောင်း၊ မန်ယူမှာက ချဲလ်ဆီးမှာထက် ဖိအားများကြောင်း၊ မန်ယူလိုအသင်းမှာက အဝတ်လဲခန်းအတွင်း စည်းလုံးမှု ရှိအောင် ပြုလုပ်ပေးနိုင်သူမျိုး လိုအပ်ကြောင်း ဆိုခဲ့ပါတယ်။