ဂန်းနားဖြစ်ချင်နေတဲ့ ဂတ်ပို၊ မာတင်နယ်လီနဲ့ ဒိုလေး၊ ပေါမာဆန် သုံးသပ်မှုနဲ့ ယနေ့ညပိုင်း အာဆင်နယ် သတင်းများ

အာဆင်နယ်နောက်ခံလူ ဆယ်ဒရစ်က အသင်းဖော်လူငယ်တိုက်စစ်မူှး မာတင်နယ်လီကို စီရော်နယ်ဒိုနဲ့ ခိုင်းနှိုင်းခဲ့ပြီး မာတင်နယ်လီဟာ နေရာလွတ်တွေကို အသုံးချတတ်ပုံက စီရော်နယ်ဒိုနဲ့ ဆင်တူကြောင်း၊ မာတင်နယ်လီဟာ အမြဲတမ်း ဂိုးသွင်းချင်နေသူဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်ပစ်မှတ်ထားနေတဲ့ ပီအက်စ်ဗွီကြယ်ပွင့် ဂတ်ပိုဟာ အနာဂတ်နဲ့ပတ်သက်ပြီး သူ့အနေနဲ့ နှစ်စဉ်နှစ်တိုင်း ချန်ပီယံလိဂ်ကစားလိုကြောင်း၊ သူဟာ အာဆင်နယ်ဂန္ထဝင် အွန်နရီကိုကြည့်ပြီးကြီးပျင်းခဲ့ရကြောင်း၊ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားလိုကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆင်က အဆင့်လေးဝင်ခွင့်အတွက် အခုအခါ စပါးက ရေပန်းစားနေပေမဲ့ စပါးဟာ တစ်ဦးကောင်းတစ်သင်းဖြစ်ကြောင်း၊ ဟယ်ရီကိန်း ခြေစွမ်းပြနေတဲ့အခါ စပါးကို အလဲထိုးနိုင်တဲ့ အသင်းတွေ များများစားစား မရှိကြောင်း၊ ဒါပေမဲ့ ဟယ်ရီကိန်း မရှိရင် စပါးဟာ အဆင့်လေးဝင်ဖို့ မသေချာကြောင်း မှတ်ချက်ပြု ခဲ့ပါတယ်။

အာဆင်နယ်ကစားသမားဟောင်း ပီတစ်ကတော့ အာဆင်နယ်အနေနဲ့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း အေဘရာဟမ်ချ်ကို ခေါ်ယူဖို့ လိုအပ်ကြောင်း၊ အေဘရာဟမ်ချ်ဟာ လာကာဇက်နဲ့ ခြားနားတဲ့ ကစားသမားဖြစ်ကာဂိုးသွင်းရှင်ဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

အာဆင်နယ်ကွင်းလယ်လူ အိုဒီဂတ်က ပဲလေ့စ်နဲ့ပွဲက သူတို့အတွက် ပွဲအစ၊ အဆုံး ထိတ်လန့်ဖွယ်ကောင်းခဲ့ကြောင်း၊ ဒါက ခက်ခဲပေမဲ့ သူတို့အနေနဲ့ ရှေ့ဆက်ရမှာဖြစ်ကြောင်း၊ စိတ်မကောင်းဖြစ်နေဖို့ အချိန်မရှိဘဲ ဒီရှုံးပွဲကနေ အမြန်ဆုံးနိုးထကာ ပြန်လာရမှာဖြစ်ကြောင်း အသင်းဖော်တွေကို သတိပေးခဲ့ပါတယ်။

အူဘာမီယန်ကို ထွက်ခွာခွင့်ပေးလိုက်တာနဲ့ နည်းပြအာတီတာကို ပြင်းပြင်းထန်ထန်ဝေဖန်လေ့ရှိတဲ့ ပီရက်မော်ဂန်ကို အာဆင်နယ် ကစားသမားဟောင်း စီဘယ်လော့က တုံ့ပြန်ခဲ့ပါတယ်။ အာတီတာဟာနည်းပြကောင်းဖြစ်ပြီး အာဆင်နယ်ကို သူတို့ ရှိသင့်တဲ့နေရာကို ပြန်ဆွဲတင်ပေးနိုင်သူ ဖြစ်ကြောင်း၊ စိတ်ရှည်သည်းခံဖို့လိုကြောင်း စီဘယ်လော့က ဆိုခဲ့တာပါ။

မန်ယူဂန္ထဝင်ဟောင်း ဝိန်းရွန်းနီက အာဆင်နယ်အနေနဲ့ ပဲလေ့စ်ကို အရေးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စပါးက အလေးသာသွားပြီဖြစ်ကြောင်း၊ စပါးဟာ အတွေ့အကြုံရင့် ကစားသမားတွေကိုပိုင်ဆိုင်ထားပြီး စပါးကို ပိုမို အလေးပေးလိုကြောင်း ဆိုခဲ့ပါတယ်။