တစ်ပွဲ မိနစ် ၁ဝဝ၊ ကမ္ဘာ့ဖလား ၂နှစ် တစ်ကြိမ် ကျင်းပဖို့ လုပ်နေတဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ပွဲကစားချိန်ကို မိနစ် (၁၀၀) ထားရှိဖို့အတွက် စဉ်းစားနေတယ်လို့ အီတလီသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် ဖီဖာ က ကမ္ဘာ့ဖလားပြိုင်ပွဲကို (၄) နှစ်တကြိမ်အစား (၂) နှစ်တကြိမ် ကစားဖို့လည်း ပြင်ဆင် နေတာဖြစ်ပါတယ်။ ဒီအပေါ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အနှစ်သာရ ပျောက်ဆုံးသွားနိုင်ခြင်း၊ ကစားသမားတွေ ပွဲပန်းမှု ဒဏ်ကို ပိုမိုခံစားနိုင်ရခြင်းတို့ကြောင့် အများစုက ဒီအစီအစဉ်ကို ဆန့်ကျင်ခဲ့ပါတယ်။
ဒီလိုမျိုး ဝေဖန်မှုတွေ အပြီးမသတ်ခင်မှာတင် ဖီဖာက အခုလိုမျိုး တပွဲချင်းစီရဲ့ ပွဲကစားချိန်ကို တိုးမြှင့်ဖို့ စဉ်းစားနေတယ် လို့ သတင်းထွက်လာခဲ့တာပါ။ ဒါ့အပြင် ဒီအစီအစဉ်ကို လာမယ့် ကာတာကမ္ဘာ့ဖလားမှာတင် စတင်မိတ်ဆက်သွားဖို့ စိတ်ကူးနေတယ်လို့လည်း သိရပါတယ်။

ပုံမှန်အားဖြင့် ကမ္ဘာ့ဖလားပွဲစဉ်တွေကို နွေရာသီမှ ကျင်းပလေ့ရှိပေမယ့် အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ကာတာနိုင်ငံရဲ့ ရာသီဥတုကြောင့် အခုလိုမျိုး ဆောင်းရာသီမှာ ပြောင်းရွှေ့ကျင်းပဖို့ စီစဉ်ခဲ့တာပါ။
ဒီလိုမျိုး စိတ်ကူးထွက်လာရတဲ့အကြောင်းရင်းကတော့ အခု သတ်မှတ်ထားတဲ့ ပွဲကစားချိန် မိနစ် (၉၀) အတွင်းမှာ တကယ်တမ်း ဘောလုံးကစားရတဲ့အချိန်က ထင်သလောက်များပြားခြင်း မရှိတာကြောင့်ပါ။ CIES ရဲ့ လေ့လာ ဆန်းစစ်မှုတွေအရ ချန်ပီယံလိဂ်ပွဲတွေမှာ မိနစ် (၉၀) ရဲ့ (၆၄.၇) ရာခိုင်နှုန်း၊ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ မိနစ် (၉၀) ရဲ့ (၆၂) ရာခိုင်နှုန်းလောက်သာ ဘောလုံးအမှန်တကယ် ကစားရတယ်လို့ သိရှိရပါတယ်။
ဒါပေမယ့် ဒီလိုမျိုး ပွဲကစားချိန် (၁၀) မိနစ်တိုးမြှင့်လိုက်တာက ကစားသမားတွေရဲ့ ပွဲပန်းမှုဒဏ်ကို ပိုမို ဆိုးရွား စေနိုင်တယ်လို့ ယူဆကြမှာဖြစ်ပြီး ကလော့ပ်၊ ဂွါဒီယိုလာတို့လို ထိပ်တန်းနည်းပြတွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင် ရနိုင်ပါတယ်။