အဆန်စီရိုအား ချိတ်ဆက်ခြင်း၊ လီဝင် မဟုတ်တော့ဘဲ အီဆစ်၊ အာတီတာအတွက် လုပ်ပေးခဲ့သူနဲ့ အာဆင်နယ် သတင်းများ

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် တိုက်စစ်မှုးဟောင်း ဝိန်း ရွန်းနီကတော့ ရာသီကုန်ရင် အဆင့် ၄ နေရာကို ယူနိုက်တက်နဲ့ အာဆင်နယ်တို့ထက် တည်ငြိမ်မှု ပိုရှာနိုင်တဲ့ စပါးအသင်းက ရယူသွားနိုင်ကြောင်း သုံးသပ်လိုက်ပါတယ်။

အာဆင်နယ် နောက်ခံလူ တာဗာရက်စ်အနေနဲ့ နောက်ထပ် ကစားခွင့်ရဦးမယ်လို့ မထင်မိဘူးလို့ ဗီလာ တိုက်စစ်မှူးဟောင်း အဘွန်လဟော်က ဆိုလိုက်ပါတယ်။ တာဗာရက်စ်ဟာ နောက်ဆုံး ၂ လအတွင်း ဒုတိယပိုင်းမှာပဲ ၂ကြိမ်တိုင် လူစားလဲခဲ့ရကြောင်း ၎င်းက မှတ်ချက်ပြုခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ် ကွင်းလယ်တိုက်စစ်သမား မာကို အဆန်စီရို ရဲ့ အေးဂျင့် ကတော့ အာဆင်နယ် အသင်းဟာ နွေမှာ သူ့ ကစားသမားကို ခေါ်ယူဖို့ ချိတ်ဆက် မေးမြန်းထားကြောင်း ဖော်ထုတ်လိုက်ပါတယ်။ အဆန်စီရို ဟာ ရီးရဲလ်နဲ့ စာချုပ်သက်တမ်း နောက်ဆုံး ၁၈ လ ထဲ ကို ဝင်ရောက်နေပြီ ဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း ဝန်းကျင်နဲ့ ရနိုင်ပါတယ်။

အာဆင်နယ်အနေနဲ့ ကာလရှည်ပစ်မှတ်ထားခဲ့တဲ့ အဲဗာတန် တိုက်စစ်မူှးလီဝင်ကို ခေါ်ယူဖို့ စိတ်ဝင်စားခြင်း မရှိ တော့ကြောင်း သိရပါတယ်။ အာဆင်နယ်အနေနဲ့ လီဝင်ရဲ့ ဒဏ်ရာပြဿနာပိုင်းကိုစိုးရိမ်လျက်ရှိနေပြီး ဆိုစီဒက်တိုက်စစ် အီဆစ် ကိုသာ ဦးစားပေးခေါ်တော့မှာ ဖြစ်ပါတယ်။

ဒါဘီနည်းပြ ဝိန်းရွန်းနီက သူ့အနေနဲ့ အာဆင်နယ်လူငယ်ကြယ်ပွင့် စမစ်ရို့စ်ကို လွန်စွာ သဘောကျတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဒါဘီအသင်းကို ပထမဆုံးကိုင်တွယ်စဉ်တုန်းက စမစ်ရို့စ်ကို အငှားနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်း ခဲ့ကြောင်း၊ သူဟာ အံ့အားသင့်ဖွယ်ကောင်းတဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။

အာဆင်နယ် နည်းပြဟောင်း အမ်မရီက လက်ရှိ အာဆင်နယ်နည်းပြ အာတီတာနဲ့ ပတ်သတ်ပြီး “အာတီတာက ကောင်းကောင်း လုပ်ဆောင်နေပါတယ်။ သူ ကျွန်တော် ခင်းပေးတဲ့လမ်းကို လျှောက်လှမ်းနေတာပါ။ ပရိသတ်တွေက အာတီတာကို စိတ်ရှည်သည်းခံကြပြီး ကျွန်တော့်အပေါ်တော့ အဲလိုမဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော် နားလည်ပါတယ်”လို့ ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်အနေနဲ့ တိုက်စစ်ပိုင်းနေရာကိုအားဖြည့်ဖို့ ပစ်မှတ်ထားလျက်ရှိနေရာ ဘာစီလိုနာတိုက်စစ်ကစားသမား ဒီပေးကိုလည်း စောင့်ကြည့်လျက်ရှိနေကြောင်းသိရပါတယ်။ ဒီပေးဟာလက်ရှိ အူဘာမီယန်ရဲ့နောက်မှာသာ ပွဲကစားခွင့် ရနေပြီး ဘာစီလိုနာမှာ ရုန်းကန်ရလျက်ရှိနေပါတယ်။

အာဆင်နယ်ကစားသမားဟောင်း ပေါလ်မာဆင်က အဆင့်လေး ဝင်ခွင့်အတွက် အခုအခါ စပါးက ရေပန်းစားနေပေမဲ့ စပါးဟာ တစ်ဦးကောင်းတစ်သင်းဖြစ်ကြောင်း၊ ဟယ်ရီကိန်း ခြေစွမ်းပြနေတဲ့အခါ စပါးကို အလဲထိုးနိုင်တဲ့အသင်းတွေ များများစားစား မရှိကြောင်း၊ ဒါပေမဲ့ ဟယ်ရီကိန်းမရှိရင် စပါးဟာ အဆင့်လေးဝင်ဖို့ မသေချာကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ်ကစားသမားဟောင်း ပီတစ်က သူ့အသင်းဟောင်း အနေနဲ့ လာမဲ့နွေရာသီမှာ ပဲလေ့စ်တိုက်စစ်မှူး ဇာဟာကို ခေါ်ယူဖို့ မကြိုးပမ်းသင့်ကြောင်း၊ ဇာဟာ အနေနဲ့ ကစားသမားကောင်းဆိုပေမဲ့ ကွင်းအတွင်းမှာ သူ့ရဲ့ပုံစံက တခါတလေ ထူးဆန်းကြောင်း၊ ဇာဟာကို ခေါ်လိုက်ရင် မာတင်နယ်လီက အရန်ခုံထိုင်ရနိုင်ကြောင်း၊ မာတင်နယ်လီဟာ ဒဏ်ရာ ရပြီးကတည်းက အလွန် တိုးတက်လာသူဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။