ဖရန့်ဖတ်ကို သရေကျသွားတဲ့ ဘာစီလိုနာ၊ ပေါ့ဘာနဲ့ ဒိုလေးကို ရောင်းခိုင်းတဲ့ ကာရေဂါနဲ့ နံနက်ခင်း သတင်းများ
ယနေ့မနက် အစောပိုင်းက ကစားခဲ့ကြတဲ့ ယူရိုပါလိဂ် ကွာတားပထမအကျော့ ပွဲစဉ်တွေမှာ ဘာစီလိုနာအသင်းဟာ ဖရန့်ဖတ်အသင်းကို နောက်ကနေလိုက်လံကစားပြီး တစ်ဖက်တစ်ဂိုး သရေရလဒ်သာ ရယူနိုင်ခဲ့ပါတယ်။
ဖရန့်ဖတ်နဲ့ သရေကျခဲ့မှုအပေါ် ဘာစီလိုနာအသင်းနည်းပြ ဇာဗီတစ်ယောက် ကျေနပ်မှု မရှိဖြစ်နေပြီး လာမယ့် နူးကမ့်အိမ်ကွင်းပွဲစဉ်မှာ ဟင်းချက်ပေါင်းအိုးလိုပဲ ၎င်းတု့ိအသင်းက ပြိုင်ဘက်ကို ဆက်တိုက် ဖိအားပေးခြိမ်းခြောက်မှုတွေ ပြုလုပ်ရမှာ ဖြစ်ကြောင်း အသင်းသားတွေအပေါ် သတိပေးသွားခဲ့ပါတယ်။

အက်သလက်တီကိုအသင်းနည်းပြဟောင်း ဆက်ချီကတော့ ပျင်းရိစရာ ကောင်းနေတဲ့ ဆီမြွန်နီရဲ့ နည်းနစ်တွေကို ပြောင်းလဲသင့်နေပြီ ဖြစ်ကြောင်း ဝေဖန်ထောက်ပြပြောဆိုသွားခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဖူလ်ဟမ်ကြယ်ပွင့် ကစားသမားလေး ကာဗယ်လ်ဟိုကို ပေါင် ၇.၅ သန်းနဲ့ ခေါ်ယူဖို့ ကြိုတင် သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
တန်ဟတ်အနေနဲ့ မန်ယူကို ရောက်လာခဲ့ရင် ပေါ့ဂ်ဘာနဲ့ စီရော်နယ်ဒိုတို့ကို ရောင်းချလိုက်ဖို့ ကာရေဂါက တိုက်တွန်း ခဲ့ပါတယ်။ မန်ယူဟာ ရဲရင့်ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေ စတင်ချမှတ်နိုင်ဖို့လိုအပ်နေပြီဖြစ်ကြောင်း၊ စီရော်နယ်ဒိုနဲ့ ပေါ့ဂ်ဘာတို့ဟာ ထွက်ခွာဖို့ လိုအပ်ကြောင်း ကာရေဂါက ဆိုခဲ့ပါတယ်။

နယူးကာဆယ် နည်းပြ ဟိုဝီကတော့ ၎င်းတို့ရဲ့ တိုက်စစ်ကစားသမား စိန့် မက်ဆီမန်ဟာ အသင်းရဲ့ အနာဂတ် စီမံကိန်း ထဲ ပါဝင်နေသူ တစ်ယောက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်ဟာ တစ်နှစ်လုပ်ခ ပေါင် ၁၀ သန်း ဝန်းကျင်ပမာဏနဲ့ မန်စီးတီး အသင်းနည်းပြ ဂွာဒီယိုလာကို ခေါ်ယူခန့်အပ်ဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။
လီဗာပူးနောက်ခံလူ ကာရေဂါက မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ ဖြစ်ကြောင်း၊ ကွင်းပြင်မှာ၊ အင်တာဗျူးတွေမှာ ဒီဘရိုင်းဟာ နှိမ့်ချတတ်ပြီး နှစ်လိုဖွယ်ကောင်းကြောင်း၊သူဟာ မန်စီးတီးသမိုင်းတစ်လျှောက် အခမ်းနားဆုံး ကစားသမားဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။

ဝုလ်ဗ်အသင်းဟာ လီဗာပူးလ်၊ ဘာစီလိုနာ၊ မန်ယူအသင်းတို့ရဲ့ ချိတ်ဆက်ခြင်း ခံနေရတဲ့ ကွင်းလယ်လူ ရူဘင် နာဗက်စ်ရဲ့ တန်ကြေးကို ပေါင် သန်း ၁၀၀ အထိ တိုးမြှင့်သက်မှတ်လိုက်ကြောင်း သတင်းရရှိပါတယ်။
အာဆင်နယ် ကစားမားဟောင်း ပီတစ်က သူ့အသင်းဟောင်း အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ကောင်းမွန်တဲ့နေရာမှာ ရှိနေကြောင်း၊ အဆင့်လေးဝင်ခွင့်အတွက် အသင်းလေးသင်း ယှဉ်ပြိုင်ရမှာဖြစ်ပြီး အာဆင်နယ်ဟာ သူုတို့ရဲ့ ပွဲတွေကိုသာ အနိုင်ရရင် ချဲလ်ဆီးကို ဖိအားပေးနိုင်မှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။