ဂုရုကြီး ပေါမာဆန်ရဲ့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်များအတွက် ခန့်မှန်းချက်များ ထွက်ပေါ်လာပါပြီ

ဒီတပတ် ကစားမယ့် ပရီးမီးယားလိဂ် ပွဲတွေ အတွက် ဂန်းနားဟောင်းကြီးလည်းဖြစ်၊ ဝါရင့် ပွဲသုံးသပ် ခန့်မှန်းသူလည်း ဖြစ်တဲ့ ပေါမာဆန် ရဲ့ ခန့်မှန်းချက်တွေ အောက်ပါအတိုင်း ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

အဲဗာတန် – မန်ချက်စတာ ယူနိုက်တက်

ဘန်လေ ကို ရှုံးလိုက်တာက အဲဗာတန် ကို အတော်လေး အထိနာစေပါတယ်။ အခု သူတို့ တန်းဆင်းဇုန် နဲ့ အတော်လေးကို နီးကပ် သွားပါပြီ ။ ဒီပွဲကို ဖလားဖိုင်နယ်လို ဖရန့်လမ်းပတ် ကစားရတော့မှာပါ။

မန်ချက်စတာ ယူနိုက်တက် ကတော့ ဖမ်းဆုပ်လို့ မရတဲ့ လေ လိုပါပဲ။ ဘာကိုမှ ခန့်မှန်းလို့ မရအောင် ဖြစ်နေပါတယ်။ ခရစ္စတီယာနို ရိုနယ်ဒို မရှိရင် ကစားပိုကောင်းတယ် ဆိုတဲ့ အယူအဆ တွေကို လက်စတာ နဲ့ ပွဲက မှားယွင်းကြောင်း သက်သေပြ သွားခဲ့ ပါတယ် ။ ကံကောင်းလို့ သူတို့ မရှုံးခဲ့တာပါ။

၂ သင်းစလုံးက အလုံးစုံပျက်စီးမှုကို ဦးတည်နေကြတာပါ၊ မနိုင်လို့ မဖြစ်ဘူးဆိုတဲ့ အတွေးတွေနဲ့ ကစားပြီး အပတ်တိုင်း အမှတ်တွေ လျော့နေကြတဲ့အသင်းတွေပါ။ ဒီ ၂ သင်းမှာ အဲဗာတန် က ပိုပြီး အခြေအနေ ဆိုးပါတယ်။ ဒါကြောင့် သူတို့ မဖြစ်မနေ အနိုင် ကစားသွားမှာပါ။

ခန့်မှန်းရလဒ် – အဲဗာတန် ၂ – ၁ မန်ယူနိုက်တက်။

ဆောက်သမ်တန် – ချဲလ်ဆီး

ချဲလ်ဆီး အတွက် အတော်လေး ခက်ခဲတဲ့ ရက်သတ္တပတ် ပါပဲ။ ဘရန့်ဖိုဒ့် ၊ ရီးရဲမက်ဒရစ် တို့ ကို ၂ ပွဲဆက် ရှုံးခဲ့ပြီး ၇ ဂိုးအထိ ပေးလိုက်ရတာက ချဲလ်ဆီးမှ ဟုတ်ရဲ့လားလို့တောင် ထင်မိချင်စရာ ကောင်းခဲ့ ပါတယ်။ အခု ဆောက်သမ်တန် ကလည်း သူတို့ကို ထပ်ပြီး ခက်ခဲ စေဦးမှာပါ။

ဟတ်ဆန်ဟော့ ရဲ့ အသင်းဟာ ဒီရာသီမှာ မန်ချက်စတာ ၂ သင်းကို ကောင်းကောင်း ဒုက္ခပေးထားပါတယ်။ ချဲလ်ဆီး ရဲ့ အဆင့် ရပ်တည်မှုက သိပ်ပြီး စိတ်ဝင်စားစရာ မကောင်းပါဘူး၊ အခု ချဲလ်ဆီး ကစားသမားတွေ ရဲ့ အတွေးတွေ ကလည်း ဘာနေဗျူးမှာ ကစားမယ့် ချန်ပီယံလိဂ် ဒုတိယ အကျော့ ကိုပဲ ရောက်နေဖို့ များပါတယ်။

ဆောက်သမ်တန် နိုင်ဖို့ အလားအလာ နည်းသလို ချဲလ်ဆီး နိုင်မယ်ဆိုရင်လည်း ဂိုးပြတ်မှာ မဟုတ်ပါဘူး။ သရေဆိုရင်လည်း ဘာမှ မဖြစ်နိုင်တဲ့ ပွဲမျိုးပါ။

ခန့်မှန်းရလဒ် – ဆောက်သမ်တန် ၁ – ၁ ချဲလ်ဆီး။

အာဆင်နယ် – ဘရိုက်တန်

ပဲလေ့စ် ကို မထင်မှတ်ဘဲ ရှုံးသွားတာက အာဆင်နယ် ရဲ့ အဆင့် ၄ ပြိုင်ပွဲက အားသာချက်တွေကို ဖယ်ပစ်လိုက် သလိုပါပဲ ။ သူတို့ ၂ ပွဲဆက် အမှားမခံ လောက်ပါဘူး။

လက်ရှိမှာ ဘရိုက်တန် က အာဆင်နယ် ရဲ့ ပြိုင်ဘက် မဟုတ်သလို အာဆင်နယ် ကလည်း ခြေစွမ်း အတက် ဘက်မှာ ရှိနေတာပါ။ ပဲလေ့စ် နဲ့ ပွဲမှာ ပုံစံကောင်း မရဘဲ ခဏခဏ အဖောက်ခံခဲ့ ရတဲ့ နူနို တာဗာရက်စ် ရဲ့ နေရာကိုသာ အာတီတာ သေချာ ပြင်နိုင်ခဲ့မယ်ဆိုရင် ဒီပွဲက အာဆင်နယ် အတွက် ၃ မှတ် ပြေးမလွတ်တဲ့ ပွဲမျိုး ဖြစ်လာနိုင်ပါတယ်။

ခန့်မှန်းရလဒ် – အာဆင်နယ် ၂ – ၀ ဘရိုက်တန်။

အက်စတွန် ဗီလာ – တော့တင်ဟမ် ဟော့စပါး

တကယ်လို့ အာဆင်နယ် သာ ပြီးခဲ့တဲ့ တနင်္လာတုန်းက ပဲလေ့စ် ကို နိုင်သွားခဲ့မယ် ဆိုရင် ဒီပွဲကို စပါးတို့ အနိုင် ရအောင် ကစားဖို့ တွန်းအား ဖြစ်လာစေမှာပါ။ ဒါပေမယ့် အခုချိန် မှာတော့ အခြေအနေတွေ က မတူတော့ပါဘူး။ စပါး ဟာ ဦးဆောင်ရပြီ ဆိုရင် ထထ ဖောက်တတ်တဲ့ အစဉ်အလာတွေ ရှိပါတယ် ။ ဒါကြောင့် ဒီပွဲမှာ သူတို့ကို ယုံကြည်ဖို့ ခက်မှာပါ။

ဗီလာ ရဲ့ လူအင်အားက စပါး ကို ကောင်းကောင်း ယှဉ်နိုင်ပါတယ် ။ သူတို့ ပုံစံကောင်းပြဖို အချိတ်အဆက် မိဖို့ပဲ လိုအပ်တာပါ။ စပါး ဘက်မှာတော့ ဟယ်ရီကိန်း က ၂၀၂၂ ထဲ မှာ ပုံစံကောင်းတွေ ပြနေပါတယ်။ သူ့ကို အဓိက ထိန်းချုပ်ဖို့ စတီဗင် ဂျရတ် ကြိုးစားရမှာပါ။

စပါး နိုင်သွားရင်တော့ အာဆင်နယ် အတွက် ပိုပြီး ကြမ်းတမ်းတဲ့ လမ်းကို လျောက်ရတော့မှာပါ။ ဒါပေမယ့် စပါး က ဒီလိုမျိုး မဖြစ်စေတဲ့ အစဉ်အလာတွေ ရှိခဲ့ဖူးပါတယ် ။ သရေကျသွားဖို့ များတယ်လို့ပဲ ပြောရမှာပါ။

ခန့်မှန်းရလဒ် – ဗီလာ ၁-၁ စပါး။

မန်ချက်စတာ စီးတီး – လီဗာပူး

စီးတီး နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲမှာ အက်သလက်တီကို မက်ဒရစ် တို့ ဘောလုံး ဘယ်နှကြိမ် ထိခဲ့သလဲဆိုတာ ကျွန်တော် မမှတ်မိတော့ ပါဘူး ။ ဒါပေမယ့် ဒီလောက် လွှမ်းမိုးထား နိုင်တာတောင်မှ အက်သလက်တီကို မက်ဒရစ် က စီးတီး ခံစစ်လိုင်း ကို တကယ်ကောင်းတဲ့ ချိုးဖောက်မှု ၂ ကြိမ် လုပ်နိုင်ခဲ့ ပါတယ် ။ တကယ်လို့သာ ဒါက လီဗာပူး ဖြစ်ခဲ့မယ် ဆိုရင် အဲ့ဒိ ၂ ကြိမ်စလုံး ဂိုးတွေ ဖြစ်သွားမှာပဲလို့ ကျွန်တော် တွေးမိခဲ့ ပါတယ် ။

စီးတီး ဟာ ဒီလိုမျိုး အပြည့်အ၀ နီးပါး လွှမ်းမိုးထားနိုင်တဲ့ ပွဲမျိုးမှာ တောင်မှ နောက်တန်းမှာ လစ်ကွက် ဟာကွက် ဆိုတာမျိုး ရှိတတ်ပါတယ် ။ ဒါပေမယ့်လည်း ဒီလို ရှားပါးတဲ့ အခွင့်အရေးမျိုးက လီဗာပူးလို အသင်းမျိုးမှသာ အကောင်းဆုံး အသုံးချနိုင်မယ့် အခွင့်အရေးမျိုးပါ ။ အခု သူတို့ အဲ့ဒိလို အသင်းမျိုးနဲ့ ရင်ဆိုင် ရပါတော့မယ် ။
ဒီပွဲကို ၂ သင်းစလုံး နိုင်ချင် နေပါတယ် ၊ နည်းပြ ၂ ယောက်စလုံးကလည်း သရေ ဆိုတဲ့ ရလဒ် ကို လက်ခံချင် ကြမှာ မဟုတ်ပါဘူး ။ ဒါကြောင့် သူတပြန် ကိုယ်တပြန် ဂိုးတွေ သွင်းကြမယ်လို့ ထင်ပါတယ် ။ ပထမ အကျော့ တုန်းကလိုမျိုးပေါ့ ။

လီဗာပူး ဘက်မှာ ဆာလာ ၊ မာနေး နဲ့ ဒီယာ့ဇ် တို့ ပွဲထွက်လာမယ်လို့ ကျွန်တော် ကြားမိပါတယ် ။ ဒီယာ့ဇ် ရဲ့ အလျှင်အမြန် အသားကျမှုဟာ ဖာမီနို ကို နောက်ဘက် နည်းနည်း ရောက်သွားစေခဲ့ ပါတယ်။ ဂျိုတာ ကို အရန်ထားပြီး ဝှက်ဖဲအဖြစ် သုံးမယ့် အစီအစဉ် ကိုလည်း ကျွန်တော် သဘောကျမိပါတယ်။

စီးတီး ကတော့ ထုံးစံ အတိုင်း False-9 ကို မဖြစ်မနေ ခင်းကျင်းရမှာပါ။ ဒါပေမယ့် ဘယ်သူက အဲ့ဒိ နေရာမှာ ကစားမလဲဆိုတာကို ကျွန်တော် မသိပါဘူး ။ အက်သလက်တီကို နဲ့ ပွဲမှာ စတာလင် ကစားခဲ့ပြီး ပုံစံပျောက်ခဲ့ပါတယ်။တကယ်လို့ ဖိုဒန် ကို ထည့်ကစားမယ် ဆိုရင်တော့ သူတို့ ဝှက်ဖဲကောင်း တချပ်ကို လက်လွှတ်ရမှာပါ။

ဒါပေမယ့် စီးတီး ဟာ နေရာစုံက ဂိုးသွင်းနိုင်တာကြောင့် False-9 မှာ ဘယ်သူထားမယ် ဆိုတာက ကြီးမားတဲ့ ပြဿနာ ဖြစ်မယ်လို့ မထင်မိပါဘူး။

ခန့်မှန်းရလဒ် – မန်စီးတီး ၂ – ၂ လီဗာပူး။