မန်ယူ ပစ်မှတ် နီဗက်စ် ကို ပေါင် သန်း ၁ဝဝ လောက် ပေးရင်တော့ ရောင်းရမှာပဲလို့ ဝုဗ် နည်းပြ ပြောဆို
ဝုဗ် နည်းပြ ဘရူနို လာဂေ့ချ် ကတော့ သူတို့ ကြယ်ပွင့် ကစားသမား ရူဘန် နီဗက်စ်ကို အသင်းကနေ ဝယ်ယူချင်ရင် သန်း ၁၀၀ ကုန်ကျမယ်လို့ ဆိုပါတယ်။
ဒီ ၂၅ နှစ်အရွယ်ကစားသမားကို ဘာစီလိုနာ၊ လီဗာပူးနဲ့ ယူနိုက်တက်က ခေါ်ယူချင်နေတာဖြစ်ပြီး ဝုဗ်က စာချုပ်သက်တမ်း ထပ်မံတိုးဖို့ ဆွေးနွေးနေတာဖြစ်ပါတယ်။
အကယ်၍ တန်ဟက်သာ မန်ချက်စတာ ယူနိုက်တက် နည်းပြဖြစ်ခဲ့ရင် နီဗက်စ် က အရင်ဆုံးပစ်မှတ်ထားခံခဲ့ရမယ့် ကစားသမားလည်း ဖြစ်ပါတယ်။

သောကြာနေ့ည နယူးကာဆယ်နဲ့ပွဲမတိုင်ခင်မှာ နည်းပြ လာဂေ့ချ် က “ယူနိုက်တက်တွေ ဘာတွေ ညာတွေ မသိဘူး။ ကျနော် သိတာက ကျနော်တို့ နဲ့ အတူ တကယ်ကောင်းတဲ့ ကစားသမားတစ်ယောက်ရှိနေတာပဲ သိတယ်။
သူ ဒီရာသီမှာ ကန်နေနဲ့ ခြေစွမ်းက အရမ်းကောင်းတယ်။ ကျုပ်တို့ကစားတဲ့ပုံနဲ့ဆိုရင် သူ့အနေနဲ့ ပိုကောင်းတဲ့ နီဗက်စ် ဖြစ်လာတယ်။ သူ့ကြောင့်လည်း ဒီအသင်းပိုပြီး ကောင်းလာတယ်။ ဒီလိုကစားသမားမျိုးရှိရင် လစာတိုးပေးပြီး စာချုပ်သက်တမ်းတိုးတာပဲ လုပ်ပေးချင်တယ်။
ဒါပေမဲ့ ဘယ်ပြောလို့ရမလဲဗျာ။ ဒီလိုမျိုး ကာလည်းကာနိုင် ၊ တိုက်စစ်လည်းဆင်နိုင်တဲ့ ကစားသမားမျိုးရှိလာတော့ ဒီလို ထိပ်တန်း ကစားသမားကောင်းမျိုးရှိလာတော့ အသင်းကြီးတွေကပါ သန်း ၁၀၀ နဲ့လာဝယ်ကြတာ” လို့ ဆိုပါတယ်။
နီဗက်စ်ရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၄ မှာသက်တမ်းကုန်မှာဖြစ်ပြီး သူဟာ အခုအချိန်မှာတော့ ဒူးဒဏ်ရာကြောင့် မေလအထိ နားရနိုင်ခြေရှိနေပါတယ်။
စိုးရိမ်မှုတွေရှိနေတဲ့ကြားက ဝုဗ်နည်းပြကတော့ သူ့ကစားသမား နီဗက်ကို အသင်းမှာ ရာသီမကုန်ခင်ပြန်ကစားနိုင်ဖို့ မျှော်လင့်နေသလို ဝုဗ်မှာ ဆက်နေဖို့လည်း မျှော်လင့်နေတာဖြစ်ပါတယ်။
“ ကျနော် ဘင်ဖီကာမှာတုန်းကလည်း ဖီးလစ်ကို ဆက်နေစေ့ချင်ခဲ့တယ်။ ဒါပေမဲ့ သန်း ၁၂၀ ရောက်လာတော့ သူ့ကို လက်လွှတ်လိုက်ရတယ်။ ဝုဗ်ရဲ့နည်းစနစ်တွေပေါ်လည်း မူတည်တယ်။ အဲဒါကြောင့် ဈေးကွက်လေးနှစ်ခါဖွင့်တုန်း ကစားသမားရှာရဖို့က ခက်တယ်။
ကျနော်တို့ က ဈေးမှန်မှန်နဲ့ အသက်လည်းငယ်သေးတဲ့ ကစားသမားမျိုး ရှာရမှာ။ အဲဒါမှ နောက်နှစ်နှစ် သုံးနှစ်လောက် ဆို အမြတ်တွေဘာတွေရနိုင်မှာ။ ဝုဗ်မှ မဟုတ်ဘူး။ ပေါင်သန်း ၈၀၊ ၉၀၊ ၁၀၀ ပေးတာကို ငြင်းနိုင်တဲ့အသင်းဆိုတာ ၅ သင်း ၆ သင်းလောက်ပဲကို ရှိတာ။ ” လို့ ဆိုပါတယ်။