ပွဲပြီး ဥမင်ထဲမှာ အက်ရှင်ကား ဆက်ရိုက်ခဲ့ကြသေးတဲ့ အက်သလက်တီကိုနဲ့ မန်စီးတီးတို့ ပွဲ
အေတီကိုနဲ့ မန်စီးတီးတို့ရဲ့ ဒုတိယအကျော့ပွဲစဉ်ကတော့ ရန်ပွဲအကြီးအကျယ်ဖြစ်ပွားမှုတွေနဲ့ အဆုံးသတ်သွားခဲ့ပါတယ်။ ဂိုးမရှိသရေကျခဲ့တာကြောင့် မန်စီးတီးတို့ နောက်တဆင့်ကို တက်ရောက်ခဲ့ပေမယ့်လည်း ပွဲပြီးခါနီးမှာတော့ ပွဲကြမ်းခဲ့တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းကစားပုံကြောင့် မန်စီးတီးကစားသမားတွေအထိနာခဲ့ရပါတယ်။
ပွဲစဉ်အပြီး ဥမင်လှိုဏ်ခေါင်းထဲမှာ အသလက်တီကို ကစားသမားတွေ ပွဲကြမ်းနေတဲ့ ဗီဒီယိုဖိုင်တွေ ထွက်ပေါ်လာခဲ့ကာ စပိန်ရဲတပ်ဖွဲ့ကတောင် စောင့်ရှောက်ပေးခဲ့ရတယ်လို့ သိရပါတယ်။
ကွင်းအတွင်းမှာ ဆာဗစ်က ဂရီလစ်ရှ်ရဲ့ ဆံပင်ကို ဆောင့်ဆွဲခဲ့ပြီး ဖိုဒန်ကိုလည်း ရန်လုပ်ဖို့ကြိုးပမ်းခဲ့လို့ မန်စီးတီးကစားသမား ဇင်ချန်ကိုက အသင်းဖော်ကို ဝင်ကာကွယ်ပေးခဲ့ရပြီး နှစ်ဖက်အသင်းကြား ပွဲကြမ်းခဲ့ပါတယ်။

ဥမင်အတွင်းမှာတော့ ဗာဆယ်ကိုက မန်စီးတီးကစားသမားတွေကို ဂိုးသမားလက်အိတ်နဲ့ ပစ်ပေါက်ခဲ့ပြိး ရန်မူဖို့ကိုပါ အတင်းကာရောကျင်းပခဲ့လို့ ဝိုင်းဝန်းထိန်းသိမ်းမှုတွေလုပ်ခဲ့ရပါတယ်။
ရဲတပ်ဖွဲ့ကလည်း နှစ်ဖက်အသင်းသားတွေကို ခွဲထုတ်ပြီး ကိုယ့်နေရာကိုယ်သွားဖို့လုပ်ပေးခဲ့ရကာ တော်တော်လေးကို ကြမ်းတမ်းတဲ့ အနေအထားတွေဖြစ်ပေါ်ခဲ့ပါတယ်။
ဒီပွဲဟာ ဂိုးမရှိသရေကျခဲ့တာကြောင့် မန်စီးတီး အသင်းဟာ နှစ်ကျော့ပေါင်းရလဒ် (၁)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး အကြိုဗိုလ်လုပွဲတက်နိုင်ခဲ့တာပါ။ ပွဲရဲ့ပွဲပြီးခါနီးမှာ အသလက်တီကို နောက်ခံလူ ဖိလစ်ပီ က ဖိုဒန် ကို ဖျက်ထုတ်ခဲ့တာကြောင့် နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။
ခံစစ်ကို အားပြုကစားခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်ကစားပုံကြောင့် ပွဲက ပျင်းစရာကောင်းနေခဲ့ပေမယ့် ပွဲပြီးခါနီးနဲ့ ပွဲအပြီးမှာဖြစ်ပွားခဲ့တဲ့ ရန်ပွဲက ဒီပွဲရဲ့ ဇာတ်အရှိန်ကို အမြင့်ဆုံးအဆင့်ဆီ ရောက်ရှိစေခဲ့ပါတယ်။