မန်စီးတီးကို နိုင်လို့ မိုးမမြင်လေမမြင်ကို ပျော်နေပြီ လို့ လီဗာပူးနည်းပြ ယာဂင်ကလော့ပ် ပြောဆို
လီဗာပူးနည်းပြ ကလော့ပ်က မန်စီးတီးကိုအနိုင်ယူပြီး အက်ဖ်အေဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့ပွဲက အသင်းရဲ့ ပထမပိုင်းစွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး စီးတီးကို နိုင်လိုက်တာ အတွက် သိပ်ကိုပျော်ရွှင်ရကြောင်းပါ ပြောဆိုလိုက်ပါတယ်။
ပွဲကစားချိန် (၁၅) မိနစ်မှာတင် ကိုနာတေး၊ မာနေးတို့ရဲ့ သွင်းဂိုးတွေနဲ့ လီဗာပူးက ဦးဆောင်နိုင်ခဲ့ပါတယ်။ ပထမပိုင်း ပြီးခါနီး မှာတော့ မာနေးက လီဗာပူးအတွက် သုံးဂိုးမြောက်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ပထမပိုင်းအပြီးမှာ လီဗာပူးက မန်စီးတီးကို သုံးဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ဂရီလစ်ရှ်၊ ဘာနာဒိုဆေးလ်ဗားတို့ရဲ့ဂိုးတွေ ခွင့်ပြုလိုက်ရပေမယ့် ပွဲအပြီးမှာတော့ လီဗာပူးက မန်စီးတီးကို ၂-၃ ဂိုးနဲ့ အနိုင်ရရှိကာ အက်ဖ်အေဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ကလော့ပ်က “ပထမပိုင်းကစားပုံက ကျနော်တို့ ကစားခဲ့သမျှထဲ အကောင်းဆုံးတွေထဲက တခု အပါအဝင် ဖြစ်ပါလိမ့်မယ်။ ကျနော်တို့က မှန်မှန်ကန်ကန် စွမ်းဆောင်နိုင်ခဲ့ပြီး အချိန်ကိုက်လည်း ဂိုးတွေ သွင်းယူနိုင် ခဲ့ပါတယ်။ ပထမပိုင်းက တကယ်ကို အံ့အားသင့်ဖို့ကောင်းတဲ့ အခိုက်အတန့်ပါပဲ”
“ပထမပိုင်းက တစက္ကန့်ချင်းအလိုက်ကို ကျနော် ချစ်တယ်ဗျာ။ ကျနော်တို့က ဗိုလ်လုပွဲတက်ချင်ခဲ့တယ်လေ။ ပြဿနာတွေ ရှိခဲ့ပေမယ့် ကျနော်တို့ ဗိုလ်လုပွဲ ရောက်ခဲ့ပါပြီ။ ဆုဖလားလေးလုံးဆိုတာက ပိုခက်ခဲတဲ့ကိစ္စပေါ့။ ဒါပေမယ့် ဒါကိုရဖို့ ဒီတလမ်းပဲ ရှိပါတယ်။ ဒီနေ့ညတော့ အားလုံးကောင်းပါတယ်။ ကျနော်တို့တွေ မိုးမမြင်လေမမြင်ကို ပျော်ရပါတယ်။
“ကျနော်တို့က ကမ္ဘာပေါ်မှာ အတောင့်တင်းဆုံးနဲ့ အကောင်းဆုံးအသင်းကို အနိုင်ရခဲ့တာမျိုး ဖြစ်နိုင်ပါတယ်။ အခိုက်အတန့် တခုချင်းစီတိုင်းက တကယ်ကို လှပပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
လီဗာပူးဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာတော့ ချဲလ်ဆီးနဲ့ခရစ္စတယ်ပဲလေ့စ်နှစ်သင်းထဲက တသင်းနဲ့ ရင်ဆိုင်ရမှာပါ။