ဥရောပပွဲ မကန်ရဘဲ ပွဲကြပ်တယ် ငြီးနေတဲ့ အာတီတာကို ချယ်ဆီးနည်းပြ တူချယ် တုန့်ပြန်

ပရီးမီးယားလိဂ် ပွဲစဉ်ဇယားရေးဆွဲမှုအပေါ် ဝေဖန်နေတဲ့ အာဆင်နယ်နည်းပြ အာတီတာရဲ့လုပ်ရပ်က ချဲလ်ဆီးနည်းပြ တူချယ်လ် က တုံ့ပြန် ပြောဆိုသွားခဲ့ပါတယ်။ အာတီတာဟာ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ကမောက်ကမဖြစ်လာတဲ့အပေါ် မကြာခဏဆိုသလို ဝေဖန်ခဲ့တာပါ။

မနေ့ညက စတန်းဖို့ဘရစ်ချ်က ပွဲမှာ အာဆင်နယ်က ပွဲကျန် တစ်ပွဲ အဖြစ် ချဲလ်ဆီးကို လာရောက် ရင်ဆိုင်ခဲ့ပြီး ၄-၂ နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲပြီးတဲ့နောက် အာဆင်နယ်က လာမယ့် စနေနေ့မှာ ပရီးမီးယားလိဂ် အစောပိုင်းပွဲစဉ်အဖြစ် ယူနိုက်တက်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း အာတီတာက ချဲလ်ဆီးနဲ့နှိုင်းယှဉ်ကာ ငြီးတွားခဲ့ပြီး တူချယ်လ်ကတော့ သူ့အသင်းက ဒီရာသီမှာ အာဆင်နယ်ထက် ပွဲတွေအများကြီး ပိုကစားထားရတယ်လို့ တုံ့ပြန်သွားခဲ့တာပါ။

တူချယ်လ်က “အာတီတာက ပွဲကြပ်တွေများနေတယ်လို့ ခံစားနေရတဲ့အတွက်လည်း အကြောင်းပြချက်ရှိပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့နဲ့ မိနစ်ချင်းလာယှဉ်လို့တော့မရပါဘူး။

အကြောင်းပြချင်တယ်၊ ချွင်းချက်ပေးချင်တယ်ဆိုရင် သူရော၊ ကျနော်ရော အတူတူပေးလို့ရပါတယ်။ ကျနော်တို့က ဒီရာသီမှာ အာဆင်နယ်ထက် (၁၆) ပွဲ ပိုကစားထားရတာပါ။ စပါးတို့ ယူရိုပါကွန်ဖရင့်လိဂ်က ထွက်လိုက်ရတုန်းက ကျနော် မပျော်ခဲ့ပါဘူး”

“အာဆင်နယ် အက်ဖ်အေဖလားက ထွက်လိုက်ရတုန်းကလည်း အတူတူပါပဲ။ ဒါက သူတို့အတွက် ကြီးမားတဲ့ အားသာချက်တွေပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ်သင်းလုံးက ငယ်ရွယ်ပြီး အရည်အချင်းရှိတဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားလို့ပါ။ တခုတည်းကို အာရုံစိုက်ခွင့်ရတာက သူတို့အတွက် အကျိုးရှိစေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ချဲလ်ဆီးဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ပွဲ (၁၀) ပွဲ၊ ကလပ်ကမ္ဘာ့ဖလားပွဲ (၂) ပွဲ၊ အက်ဖ်အေပွဲနဲ့ ကာရာဘောင်းတို့ အပါအဝင် စုစုပေါင်း (၁၆) ပွဲအထိ အာဆင်နယ်ထက် ပိုကစားထားရပါတယ်။ အာဆင်နယ် ကတော့ ညကပွဲမတိုင်ခင်ထိ ပြိုင်ပွဲစုံ (၃၈) ပွဲသာ ကစားရသေးချိန်မှာ ချဲလ်ဆီးက ပြိုင်ပွဲစုံမှာ (၅၄) ပွဲအထိ ကစားထားပြီး ဖြစ်ပါတယ်။