မန်ယူနဲ့ အတူ စိန်ခေါ်မှုတွေ ရင်ဆိုင်ပြီး အောင်မြင်မှုတွေ ယူဖို့ ရင်ခုန်နေပြီ ဆိုတဲ့ နည်းပြ တန်ဟက်ရဲ့ နှုတ်ခွန်းဆက် စကား

မန်ချက်စတာ ယူနိုက်တက်ဟာ အေဂျက်စ်နည်းပြ အဲရစ်တန်ဟက် ကို နောက်ရာသီမှ စတင်ပြီး (၃) နှစ် သက်တမ်းအပြင် နောက်ထပ် တနှစ် စာချုပ်သက်တမ်းတိုးခွင့် ပါဝင်တဲ့ စာချုပ်တရပ် သဘောတူ ချုပ်ဆိုနိုင်ခဲ့ပြီလို့ တရားဝင်ကြေညာခဲ့ပါတယ်။

အဲရစ်တန်ဟက် ဟာ မန်ယူအသင်းကို နည်းပြ အဖြစ် အခုချက်ချင်းကိုင်တွယ်မှာမဟုတ်ဘဲ ရာသီကုန်မှသာ စတင် ကိုင်တွယ်မှာပါ။ တန်ဟက် ကို ခေါ်ယူဖို့အတွက် မန်ယူနိုက်တက်တို့ ဆက်တိုက်ကြိုးစားခဲ့ပြီး ရာသီမကုန်ခင်မှာတင် စောစောစီးစီး သဘောတူညီမှုရရှိခဲ့ပါတယ်။

မန်ယူ နည်းပြသစ် ဖြစ်လာတဲ့ အဲရစ်တန်ဟက် က သူ့ရဲ့ မန်ချက်စတာကလပ် ကို စတင် နှုတ်ခွန်းဆက်တဲ့ စကားကို အခုလို ပဲ ပြောကြားလိုက်ပါတယ်။

“ယူနိုက်တက် နည်းပြသစ်အဖြစ် ခန့်အပ်ခံရတာက တကယ်ကို ကြီးမားတဲ့ ဂုဏ်ယူစရာတခုပါ။ ဒါ့အပြင် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေအတွက်လည်း ကျနော် အကြီးအကျယ် စိတ်လှုပ်ရှားနေပါပြီ”

“အသင်းရဲ့ သမိုင်းကြောင်း၊ ပရိသတ်တွေရဲ့ စိတ်အားထက်သန်မှုတွေကို သိထားပြီး သူတို့နဲ့ ထိုက်တန်တဲ့ အောင်မြင်မှု တွေကို ရယူပေးဖို့၊ တိုးတက်အောင်လုပ်ပေးဖို့ ကျနော် စိတ်ပိုင်းဖြတ်ထားပါတယ်။ အံ့အားသင့်ဖွယ်ကောင်းတဲ့ နှစ် ကာလတွေကို ဖြတ်သန်းပြီးတဲ့နောက် အေဂျက်စ်ကို စွန့်ခွာရတာက ခက်ခဲပါလိမ့်မယ်”

“ကျနော့်အနေနဲ့ ယူနိုက်တက်ကို မပြောင်းခင်မှာ အေဂျက်စ်နဲ့အတူ အောင်မြင်တဲ့ဘောလုံးရာသီတခုအဖြစ် နိဂုံးချုပ်နိုင်ဖို့ ပရိသတ်တွေကို ကျနော် အာမခံပါတယ်” လို့ တန်ဟက် ဆိုခဲ့ပါတယ်။

အသင်းရဲ့ ဘောလုံးဒါရိုက်တာ ဂျွန်မာတာ့ဖ်ကလည်း အဲရစ်တန်ဟက်ခ်ကို ခေါ်ယူနိုင်ခဲ့တာနဲ့ပတ်သက်လို့ “နောက်ဆုံး (၄) နှစ်အတွင်း အေဂျက်စ်မှာ အဲရစ်တန်ဟက် က သူ့ကိုယ်သူ ဥရောပရဲ့ စိတ်လှုပ်ရှားအကောင်းဆုံးနဲ့ အအောင်မြင်ဆုံး နည်းပြတွေထဲက တယောက်အဖြစ် သက်သေပြခဲ့ပါတယ်”

“သူ့အသင်းက ဆွဲဆောင်မှုရှိခဲ့တယ်၊ Attacking Football ကို ပီပီပြင်ပြင် ကစားခဲ့တယ်၊ လူငယ်တွေ အတွက် လည်း အာမခံချက် ရှိခဲ့ပါတယ်။ ကျနော်တို့တွေ ဆွေးနွေးတဲ့အခါမှာ အဲရစ်တန်ဟက် ကပဲ ဦးဆောင်သွားတာပါ။ ယူနိုက်တက်ရဲ့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့အတွက် သွားမယ့်လမ်းမှာ သူ့ရဲ့ ရေရှည်ရည်မှန်းချက်တွေအပေါ် ကျနော်တို့ တော်တော်လေး အထင်ကြီးလေးစားရပါတယ်”

“အေဂျက်စ်အတွက် ရာသီအကုန်မှာ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ဖို့ ဆုတောင်းပေးပြီး လာမယ့်နွေရာသီမှာ ယူနိုက်တက်ကနေ ကြိုဆိုနေပါမယ်” လို့ ပြောကြားခဲ့ပါတယ်။