မန်ယူက ဆိုးလ်ရှားနဲ့ဆို ပိုကောင်းမှာလို့ အခုမှ ဘော်ဒါဟောင်းကြီးကို တမ်းတနေတဲ့ ရွိုင်ကိန်း
သရဲနီဟောင်းကြီး ရွိုင်ကိန်းက မန်ချက်စတာယူနိုက်တက် အနေနဲ့ ဆိုးလ်ရှားကို မထုတ်ပယ်ဘူးဆိုရင် ပရီးမီးယားလိဂ်မှာ ပိုကောင်းတဲ့ အဆင့်မှာ ရှိနေမှာလို့ ပြောလိုက်ပါတယ်။
ဆိုးလ်ရှား ဟာ ပရီးမီးယားလိဂ်(၇)ပွဲမှာ (၅)ပွဲအထိ ရှုံးပြီးနောက် နိုဝင်ဘာလက နည်းပြရာထူးကနေ ထုတ်ပယ်ခံရတာ ဖြစ်ပါတယ်။ ရက်ဂ်နစ် ဟာ ဆိုးလ်ရှား နေရာဝင်ပြီး ယာယီနည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။
ဒါပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းဟာ အာဆင်နယ်၊စပါး တို့ထက် (၂)ပွဲပိုကစားထားပြီး အဆင့်(၄) နေရာက အာဆင်နယ် အသင်းနဲ့ (၅)မှတ်ကွာဟနေတာပါ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ နည်းပြသစ်အဖြစ် အဲရစ်တန်ဟတ်ကို ခန့်အပ်ထားပြီး ရာသီအကုန်မှာ စတင်ကိုင်တွယ်မှာဖြစ်ပါတယ်။
ရွိုင်ကိန်း က “အိုလီ သာ ဆက်ရှိနေမယ်ဆိုရင် အခုထက်ပိုပြီး ဆိုးမှာမဟုတ်ပါဘူး။ ဒါပေမယ့် သေချာတာကတော့ ဆုံးဖြတ်ချက်ချပြီးပြီဖြစ်လို့ နောက်ပြန်လှည့်ကြည့်လို့မရတော့ပါဘူး”
“မန်နေဂျာတွေကို အချိန်ပိုပေးသင့်တယ်လို့ ကျွန်တော်အမြဲပြောပါတယ်။ ဒါပေမယ့် ထိပ်တန်းဘောလုံး အသင်းတွေက တကယ့် လက်တွေ့မှာတော့ စိတ်ရှည်သည်းခံမှုမရှိပါဘူး” လို့ ဆိုခဲ့ပါတယ်။
အိုလီ သာ ဆက်ရှိနေရင် အသင်းဟာ ပိုကောင်းတဲ့ အနေအထားမှာ ရှိနေမလားလို့ မေးခဲ့ရာမှာ ရွိုင်ကိန်းက “အိုလီသာ ဆက်ရှိနေမယ်ဆိုရင် လိဂ်ရပ်တည်မှု အရတော့ ဟုတ်ပါတယ်”လို့ ပြန်လည်ဖြေဆိုခဲ့တာပါ။
ဆိုးလ်ရှား ဟာ မော်ရင်ဟို ထုတ်ပယ်ခံရပြီးတည်းက မန်ချက်စတာယူနိုက်တက် အသင်းကို ကိုင်တွယ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ရာသီက ယူရိုပါလိဂ်ဗိုလ်လုပွဲရောက်ရှိခဲ့တာကသာ သူ့ရဲ့အမြင့်ဆုံး အောင်မြင်မှု အဖြစ် ရှိခဲ့ပါတယ်။