စပါးကို စွန့်ပြီး ပီအက်စ်ဂျီ နည်းပြ မလုပ်ပါဘူးလို့ ယတိပြတ် ငြင်းဆိုလိုက်တဲ့ ကွန်တီ

တော့တင်ဟမ် စပါး နည်းပြ အန်တိုနီယို ကွန်တီဟာ ဒီနွေရာသီမှာ ပီအက်စ်ဂျီအတွက် စပါးကို စွန့်ခွာနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေကို သတင်းမှားအဖြစ် ငြင်းပယ်ခဲ့ပါတယ်။

ကွန်တီဟာ နိုဝင်ဘာကမှ စပါးနည်းပြ ဖြစ်လာခဲ့တာဆိုပေမယ့် အသင်းရဲ့ စိတ်မချရတဲ့ ပရီးမီးယားလိဂ် ခြေစွမ်းကြောင့် သူ့အနာဂတ်က မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။

ချယ်ဆီးနဲ့ အင်တာနည်းပြဟောင်းဟာ ပါရီမှာ ပိုချက်တီနိုရဲ့ နေရာကို အစားထိုးဖို့ ချိတ်ဆက်မှုရှိခဲ့ပေမယ့် အဲ့ဒီ့ ကောလာဟလတွေကို ကွန်တီက မြန်မြန်ပဲ ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

“တခြားကလပ်တွေက ကျွန်တော့်ရဲ့ အလုပ်ကို အသိအမှတ်ပြုကြတာ ကောင်းတယ်လို့ထင်ပါတယ်။ ဒါက တခုပေါ့။ ဒါပေမယ့် လူတွေက ပြဿနာတွေ ဖန်တီးဖို့သက်သက် သတင်းတွေထွင်ပြောကြတာကို ကျွန်တော် မကြိုက်ဘူး။ အဲ့ဒါက မမှန်ကန်သလို ကျွန်တော့်အတွက်၊ နှစ်ဖက်အသင်းနဲ့ ကစားသမားတွေအတွက်ပါ မမျှတပါဘူး။

ကျွန်တော်တို့ဟာ ရလဒ်ကောင်းရဖို့အတွက် လက်ကျန် ၅ ပွဲအပေါ် တကယ် အာရုံစိုက်ထားပါတယ်။ ဒီလို အခြေအနေတွေက ကျွန်တော့်ကိုပြုံးစေတယ်။

ဒါပေမယ့် လျှောက်ပြောနေတဲ့သူတွေအနေနဲ့ ကာယကံရှင်တွေကို လေးစားမှုရှိသင့်တယ်လို့ ထင်တယ်။ သတင်းမှားတွေထွင်ပြီး လိမ်ညာမပြောရင်ကောင်းမယ်”လို့ ကွန်တီက မှတ်ချက်ပေးခဲ့ပါတယ်။

ဖေဖော်ဝါရီတုန်းက ဘန်လေကို ၁-၀ နဲ့ ရှုံးခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၈ ကို ရောက်ရှိခဲ့တဲ့နောက် ကွန်တီဟာ သူ့ရဲ့ စပါးအနာဂတ်ကို စဉ်းစားနေတယ်လို့ အရိပ်အမြွက် ပေးခဲ့တာပါ။

ဒါပေမယ့် သူတိုတွေဟာ နောက်ထပ် ပရီးမီးယားလိဂ် ၉ ပွဲမှာ ၆ပွဲအနိုင်ရခဲ့ပြီး ချန်ပီယံလိဂ် မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာခဲ့ပါတယ်။

စပါးဟာ လက်ရှိမှာ တနင်္ဂနွေနေ့ လက်စတာနဲ့ပွဲမတိုင်ခင် အဆင့်လေးနေရာက အာဆင်နယ်နဲ့ ၂ မှတ်ကွာဟနေတာ ဖြစ်ပါတယ်။