မန်ယူ၊ အာဆင်နယ်တို့နဲ့ လန်ဒန်မှာ ဆွေးနွေးမှုလုပ်ဖို့ ရောက်နေတဲ့ ဒိုင်ဘားလား အေးဂျင့်
ဒီနှစ် ဘောလုံးရာသီ အကုန်မှာ ဂျုဗင်တပ်စ်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားတော့မယ့် အာဂျင်တီးနား တိုက်စစ်ကစားသမား ပေါ်လို ဒီဘားလားဟာ သူ့အနာဂတ်အတွက် စီစဉ်လာခဲ့ပါပြီ။
လာမယ့်နွေမှာ သူ့အတွက် ကလပ်အသင်းသစ် တစ်သင်းကို ရွေးချယ်သွားဖို့အတွက် အေးဂျင့်ဖြစ်သူကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ဆီ စေလွှတ်ထားခဲ့ပြီး ဒီဘားလားရဲ့ အေးဂျင့်ကလည်း သူ့ကစားသမားရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မန်ချက်စတာ ယူနိုက်တက် အာဆင်နယ်အသင်းတွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်လျက် ရှိနေပါတယ်။
အသက် (၂၈)နှစ်အရွှယ်ရှိ အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်ကစားသမား ဒီဘားလားဟာ ၂၀၁၅ ခုနှစ်ကတည်းက ဂျုှဗင်တပ်စ်အသင်းဆီကို ရောက်ရှိနေတာဖြစ်ပြီး အသင်းနဲ့ ဘောလုံးရာသီ (၇) ရာသီ ဖြတ်သန်းပြီးနောက်မှာ အသင်းနဲ့ ကစားသမားတို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကလည်း ကုန်ဆုံးတော့မှာပါ။
ဒီဘားလားဘက်ကလည်း အသင်းနဲ့ သက်တမ်းတိုးဖို့ထက် အသင်းပြောင်းဖို့ကိုသာ ဆန္ဒရှိနေတာကြောင့် ရာသီအကုန်မှာ အသင်းနဲ့ လမ်းခွဲဖို့ကိုသာ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။
ပြောင်းရွှေ့ချင်လိုတဲ့ ကလပ်အသင်း တစ်သင်းသင်းကို ရွေးချယ်ပြောင်းရွှေ့ခွင့် ရရှိတော့မယ့် ဒီဘားလားဟာ ဂျုဗင်တပ်စ်အသင်းရဲ့ စီးရီးအေ ပြိုင်ဘက်အသင်းဖြစ်တဲ့ အင်တာမီလန်အသင်းနဲ့ သတင်းတွေ ဆက်တိုက်ကို ထွက်ပေါ်ထားခဲ့ပါသေးတယ်။

ဒါပေမယ့် အီတလီအခြေစိုက် Calciomercato သတင်းမီဒီယာရဲ့ ဖော်ပြချက်တွေအရတော့ ဒီဘားလားရဲ့ အေးဂျင့်က လက်ရှိမှာ လန်ဒန်မြို့ကို ရောက်ရှိနေပြီး သူ့ကစားသမားကို အလိုရှိနေကြတဲ့ ယူနိုက်တက် အာဆင်နယ်အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို နားစွင့်လျက် ရှိနေတယ်လို့ သိရပါတယ်။
ယူနိုက်တက်ရော အာဆင်နယ်အသင်းတွေရောပါ လာမယ့်ဈေးကွက်ထဲ တိုက်စစ်ပိုင်းကို အားဖြည့်ရမယ့် ကလပ်အသင်းတွေ ဖြစ်နေသလို နှစ်သင်းလုံးကလည်း ဒီဘားလားကို စိတ်ဝင်တစား ရှိနေကြပါတယ်။
စပါး နယူးကာဆယ်အသင်းတွေရဲ့ ပစ်မှတ်ဖြစ်နေရတဲ့ ဒီဘားလားကို သူရဲ့အေးဂျင့်ဖြစ်သူက သူ့ကစားသမားကို လုပ်ခလစာ ခပ်များများ ပေးချေနိုင်မယ့် ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ခွင့်ရအောင် လုပ်ဆောင်ပေးဖွယ် ရှိနေတယ်။
ယူနိုက်တက်နည်းပြသစ် တန်ဟက်ဂ်ကလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ဒီဘားလားကို အရခေါ်ယူသွားဖွယ် ရှိနေပါတယ်။