ကိန်း မန်ယူမသွားဖို့ သတိပေးမှု၊ ဒိုင်ဘာလာ၊ ဒီပေး၊ မိုဒရစ်၊ တန်ဟက် ခေါ်လာချင်သူနဲ့ အပြောင်းအရွှေ့ သတင်းများ

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ တက်ဒီရှရင်ဂမ်က အင်္ဂလန်တိုက်စစ်မှုး ဟယ်ရီကိန်းအနေနဲ့ မန်ယူကို ပြောင်းမဲ့အစား စပါးမှာသာ ဆက်နေသင့်ကြောင်း၊ စပါးမှာ ဆက်နေတာက မန်ယူမှာထက် ဆုဖလားအောင်မြင်မှု ရနိုင်ချေပိုများကြောင်း သတိပေးခဲ့ပါတယ်။

စပါး အသင်းဟာ နွေမှာ အလွတ်နဲ့ ရနိုင်မယ့် ဂျူဗင်တပ်တိုက်စစ်ကစားသမား ဒိုင်ဘာလာကို ခေါ်ယူဖို့ ဆွေးနွေးနေတာမျိုး မရှိဘူးလို့ နာမည်ကျော် သတင်းထောက် ဖာဘရီဇီယိုက ဖော်ပြထားပါတယ်။ စပါးနည်းပြ ကွန်တီ က မကြာခင် ဘုတ်အဖွဲ့နဲ့ တွေ့ဆုံကာ အနာဂတ်နဲ့ပတ်သက်ပြီး ဆွေးနွေးသွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။

အာဆင်နယ်အနေနဲ့ ဘာစီလိုနာတိုက်စစ်မူှး ဒီပေးကို ခေါ်ယူနိုင်ဖို့အတွက် စုံစမ်းမှုတွေ ပြုလုပ်လျက်ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ ABC ရဲ့ ဖော်ပြချက်အရ ဇာဗီရဲ့အစီအစဉ်ထဲမှာ မပါတော့တဲ့ ဒီပေးကို အာဆင်နယ်က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့သိရပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြသစ် ဖြစ်လာမဲ့ တန်ဟတ်အနေနဲ့ အေဂျက်ဇ်အသင်းရဲ့ကြယ်ပွင့်နောက်ခံလူ မာတီနက်ဇ်ကိုပါ အိုးထရက်ဖို့ဒ်ထံ တစ်ပါတည်း ခေါ်ဆောင်လာဖို့ ကြံရွယ်လျက် ရှိနေပါတယ်။

ချဲလ်ဆီးနည်းပြ တူချယ်က သူ့အနေနဲ့ အသင်းခေါင်းဆောင် အက်ပီကျူတာကို အသင်းမှာပဲ ဆက်ထိန်းလိုကြောင်း၊ အက်ပီကျူတာဟာ အသင်းရဲ့ ဂန္ထဝင်တစ်ဦးဖြစ်ပြီး နောက်ဆုံးအချိန်အထိ အက်ပီကျူတာကို အသင်းမှာ ထိန်းနိုင်ဖို့ မျှော်လင့်မိကြောင်း၊ ဒါပေမဲ့ အဆုံးသတ်ကို ရောက်လာပြီလို့ ခံစားရကြောင်း ဖွင့်ဟခဲ့ပါတယ်။

ရီးရဲမက်ဒရစ်ဝါရင့်ကွင်းလယ်လူ မိုဒရစ်အနေနဲ့ မကြာခင်မှာ အသင်းနဲ့ တစ်နှစ်စာချုပ်သက်တမ်း တိုးမြှင့် ချုပ်ဆိုသွားဖွယ် ရှိနေကြောင်း သိရပါတယ်။

ပီအက်စ်ဂျီကွင်းလယ်လူ ဗာရက်တီက အသင်းဖော် အမ်ဘာပေရဲ့ အပြောင်းအရွှေ့သတင်းတွေဟာ သူ့ကို နာမကျန်း ဖြစ်စေတယ်လို့ အရွှန်းဖောက်ခဲ့ပါတယ်။ အမ်ဘာပေဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲကတစ်ဦးဖြစ်ကြောင်း၊ သူတို့အားလုံး အမ်ဘာပေကို အသင်းမှာ ဆက်ရှိစေလိုကြကြောင်း၊ သူ့အနာဂတ်နဲ့ ပတ်သက်ပြီးတော့ အကြံဉာဏ် ပေးတာမျိုး မလုပ်လိုကြောင်း ဖွင့်ဟခဲ့ပါတယ်။