နည်းပြ ခန့်ခွင့် ဖြုတ်ခွင့်၊ စိတ်ကြိုက်ကစားသမား ဝယ်ခွင့်တွေပါ ပေးပြီး အမ်ဘာပေ ကို ချုပ်နေတဲ့ ပီအက်စ်ဂျီ

နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေအရ ပီအက်စ်ဂျီအသင်းဟာ တိုက်စစ်မှူး အမ်ဘာပေ ကို ဆက်ထိန်းနိုင်ရေး အတွက် တမူထူးခြားတဲ့ ကမ်းလှမ်းမှုမျိုးဖြစ်တဲ့ အသင်း စီမံမှုပိုင်းမှာပါ လုပ်ပိုင်ခွင့်အပြည့်ပေးတဲ့ ကမ်းလှမ်းမှုနဲ့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။

အသက် ၂၃ နှစ်သားရဲ့ ပီအက်စ်ဂျီအသင်းနဲ့စာချုပ်သက်တမ်းက အခုရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ကာ ရီးရဲလ်မက်ဒရစ် အသင်းထံကို ပြောင်းရွှေ့ဖို့များနေပါတယ်။ ဒါပေမယ့် အလွတ်ကစားသမားတစ်ဦးမဖြစ်ခင် ၆ ပတ်တာကာလအတွင်းမှာ ပီအက်စ်ဂျီက အမ်ဘာပေ လက်ခံနိုင်လောက်တဲ့ ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာ အမ်ဘာပေ ကို လာမယ့်ရာသီအသင်းပရောဂျက် ပိုင်ရှင်အဖြစ် ကမ်းလှမ်းဖို့ ပြင်ဆင်နေကာ ထိုစာချုပ် အရ ဘာပေ အနေနဲ့ နည်းပြပြောင်းလဲခြင်းနဲ့ အသင်း ကစားသမား ခေါ်ယူခြင်းတွေကိုပါ လုပ်ပိုင်ခွင့်ပေးမယ်လို့ သိရပါတယ်။

ဒါ့အပြင် လစာအနေအထားကလည်း ကမ္ဘာ့လုပ်ခလစာအများဆုံးကစားသမားဖြစ်လာဖွယ်ရှိနေကာ စကိုင်းစပေါ့ သတင်းဌာနရဲ့အဆိုအရ အမ်ဘာပေ ကို တစ်လ ပေါင် ၄ သန်းနီးပါးလောက်ပေးချေဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အမ်ဘာပေ ဟာ ပီအက်စ်ဂျီအသင်းနဲ့စာချုပ် ချုပ်ဆိုဖြစ်ရင် မူပိုင်ခွင့် ၊ အခြားဘောနပ်စ်အပါ ပေါင်သန်း ၁၀၀ လောက် အထိ ရရှိနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ပီအက်စ်ဂျီဥက္ကဌ ကလိုင်ဖီကလည်း ဘာပေ ကို ပိုချက်တီနို အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ခွင့်ပေးဖို့ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

အမ်ဘာပေ ဟာ လာမယ့်အပတ်မှာ ပီအက်စ်ဂျီကို နှုတ်ဆက်ဖွယ်ရှိနေကာ ချန်ပီယံလိဂ်ဖိုင်နယ်အပြီးမှာ ရီးရဲလ် ကစားသမား ဖြစ်လာဖွယ်ရှိနေပါတယ်။ အေအက်စ်သတင်းဌာနက အမ်ဘာပေ ဟာ အသင်းသမိုင်းတစ်လျှောက် လုပ်ခလစာအများဆုံးကစားသမား ဖြစ်လာဖွယ်ရှိနေသလို ကမ္ဘာ့ဘောလုံးလောကရဲ့စာချုပ်ဖျက်သိမ်းကြေး အမြင့်ဆုံးကစားသမားလည်း ဖြစ်လာဖွယ်ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

အမ်ဘာပေ ဟာ ပီအက်စ်ဂျီကို လီဂူးဝမ်းချန်ပီယံဖြစ်အောင် ကူညီပေးထားပြီး ၂၅ ဂိုးသွင်း ၊ ၁၇ ဂိုး ဖန်တီး ပေးနိုင်ခဲ့ကာ အားလုံးခြုံံကြည့်ရင် ၃၆ ဂိုးသွင်း ၊ ၂၆ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

ရီးရဲလ်အသင်းနဲ့ ထွက်ပေါ်နေတဲ့သတင်းတွေကတော့ မကြာခင်မှာ အပြီးသတ်နိုင်ဖွယ်ရှိနေပြီး ပြီးခဲ့တဲ့နွေတုန်းကလည်း ရီးရဲလ်က ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးတာဖြစ်ကာ ပီအက်စ်ဂျီက ပယ်ချခဲ့တာဖြစ်ပါတယ်။