ငွေကြောင့် မဟုတ်ဘူးဆိုတဲ့ အမ်ဘာပေ၊ တန်းဆင်းဖို့က လွတ်သွားတဲ့ ဟယ်သာဘာလင်နဲ့ နံနက်ခင်း သတင်းများ
ချဲလ်ဆီးအသင်းကို ဝယ်ယူနိုင်ဖို့ အပြီးသတ် လုပ်ဆောင်မှုတွေ ပြုလုပ်နေတဲ့ တော့ဒ်ဘိုးလေး ရဲ့ အဖွဲ့တွေဟာ ယခုအပတ် အတွင်း အရောင်းအဝယ်ကိစ္စကို အပြီးသတ်နိုင်တော့မှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
ယနေ့မနက် အစောပိုင်းက ကစားခဲ့ကြတဲ့ ဘွန်ဒက်စ်လီဂါ တန်းတက်ခွင့် play-off ဒုတိယအကျော့ပွဲစဉ်မှာ ဘွန်ဒက်စ်လီဂါမှ ဟာသာဘာလင် အသင်းက ပထမအကျော့တုန်းက ၁-၀ နဲ့ အရေးနိမ့်ထားတဲ့ ဘွန်ဒက်စ်လီဂါ လိဂ်၂ မှ ဟမ်းဘတ်ကို ၂ ဂိုးပြတ် အနိုင်ရရှိခဲ့တာကြောင့် ဟာသာဘာလင်တို့ တန်းဆင်းရမယ့် အန္တရယ်မှ လွတ်မြောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ပီအက်စ်ဂျီအသင်းရဲ့ အနာဂတ် လူသစ်ခေါ်ယူမှု စီမံကိန်းတွေမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေကို ဘတ်ပေတစ်ယောက် ငြင်းဆန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ဒါ့အပြင် အသင်းဥက္ကဌ ခီလိုင်ဖီကလည်း ဘတ်ပေဟာ ပီအက်စ်ဂျီမှာ ဆက်ရှိတာ ငွေကြောင့် မဟုတ်ဘဲ ရီးရဲလ်အသင်းထံမှ ရရှိလာတဲ့ မက်လောက်တဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ပြီး ၎င်းတို့အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ်။
မန်ယူအသင်းပိုင်ရှင် ဂလေဇာကတော့ ၎င်းတို့ရဲ့ နည်းပြသစ် တန်ဟတ် ဟာ အသင်းအတွက် ကြီးမားတဲ့ အောင်မြင်မှုတွေ ရယူပေးမှာ ဖြစ်ကြောင်း ပရိသတ်တွေကို ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းနောက်ခံလူ အလွန်ဆိုတစ်ယောက် အသင်းမှ ထွက်ခွင့်တောင်းဆိုထားပြီး လိုင်ယွန်မှာ သွားရောက်ကစားနေတဲ့ အီမာဆင်ကတော့ အသင်းထံ ပြန်လာဖို့ ရှိနေကြောင်း သတင်းရရှိပါတယ်။
မန်စီးတီးအသင်းနောက်ခံလူ မန်ဒီကတော့ ၎င်းအပေါ် စွပ်စွဲခံနေရတဲ့ အမှုတွေကို မနေ့က ပြုလုပ်ခဲ့တဲ့ တရားခွင်အတွင်း ထပ်မံငြင်းဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
အဲဗာတန် ပရိသတ်တစ်ယောက်ကို ကန်ကျောက်ခဲ့တဲ့ ပဲလေ့စ် နည်းပြ ဗီအဲရာရဲ့ လုပ်ရပ်ကို တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တွေ အရေးယူသွားမှာ မဟုတ်ကြောင်း သတင်းရရှိပါတယ်။