မက်ဆီ မပါတဲ့ အသင်းတွေ ကိုင်တည်းက ချန်ပီယံလိဂ် ဖလား ရဖူးလို့လား လို့ ပက်ကို ရန်စလိုက်တဲ့ အီဗရာ

မန်စီးတီးနည်းပြ ဂွာဒီယိုလာနဲ့ မန်ချက်စတာ ယူနိုက်တက်နောက်ခံလူဟောင်း အီဗရာ တို့ရဲ့ လေလှိုင်းပေါ်ကနေ စကားလုံး တိုက်ပွဲတွေ ကတော့ ဘောလုံးရာသီ ပြီးသည့်တိုင် မပြီးဆုံးသေးဘဲ အီဗရာ ထံက နောက်ထပ် တကြိမ် ထိုးစစ်ဆင်လာခဲ့ပြီ ဖြစ်ပါတယ်။

အီဗရာက ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်ပြီး မန်စီးတီးတို့ ချန်ပီယံလိဂ်က ထွက်ခွာခဲ့ရတာဟာ ဦးဆောင်နိုင်သူ မရှိတာကြောင့် လို့ ပြောဆိုခဲ့ဖူးပြီး ဂွာဒီယိုလာက ယူနိုက်တက်ကို သူ အနိုင်ယူခဲ့တဲ့ပွဲအကြောင်း ပြန်ပြောကာ တုံ့ပြန် ချေပခဲ့ပါတယ်။

ဒီတစ်ကြိမ် မှာ အီဗရာက ပက် ဂွာဒီယိုလာ ဟာ သူကိုင်တဲ့ အသင်းမှာ မက်ဆီ မရှိတည်းက ချန်ပီယံလိဂ် ဖလားနား မကပ်နိုင်တော့တာ လို့ ထည့်ပြောပြီး ချက်ကောင်း တွယ်လိုက်ပြန်ပါတယ်။

“ရိုးရိုးသားသား ပြောရရင် ကျနော်နားမလည်ဘူး၊ မီဒီယာတွေမှာလည်း ဒါကို ကျနော်မတွေ့မိဘူး၊ သူငယ်ချင်း တယောက်က ကျနော့်ကို လာပြောလို့သိတာ၊ အီဗရာက အလုပ်တခု လိုချင်နေလို့ဖြစ်မယ် လို့ သူ (ပက်) ပြောတဲ့ အကြောင်းကို.. ပြီးတော့ ဘာစီလိုနာနဲ့အတူ ကျနော်တို့ကို ဖျက်စီးခဲ့တယ် ဆိုတာ ကိုရောပေါ့”

“ကျနော်က ဂွာဒီယိုလာ လက်အောက်မှာ ကစားရတဲ့ ကစားသမားတွေအကြောင်းကို ပြောခဲ့တာပါ၊ ပင်ကိုယ်မာန၊အတ္တ ရှိတဲ့အခါ သူ့ လက်အောက်မှာ ကစားရတာက ခက်ခဲပါတယ်၊ သူနဲ့အတူ ကစားဖူးတဲ့ သူတွေနဲ့ ကျနော် စကားပြောဖြစ် တိုင်းမှာ ဂွာဒီယိုလာက အမြဲတမ်း ပြသနာဖြစ်နေတယ်လို့ ပြောဖူးကြပါတယ်၊

သူ့ကို သဘောကျတဲ့ မန်စီးတီးကစားသမားဆိုတာလည်း ကျနော်မတွေ့ဖူးဘူး။ ဂွာဒီယိုလာက ဉာဏ်ကြီးရှင်ပါ၊ ဒါပေမယ့် ပုဂ္ဂိုလ်ရေးအရတော့ သူ့ကို ကျနော်မသိဘူး၊ ကျနော့်ကို သူ ပြန်ပြောဖို့ အချိန်ရှိနေတာကိုတောင် ကျနော်အံ့ဩမိတယ်။

ကျနော်က အနားယူထားတဲ့သူပါ၊ ကိုယ့်အလုပ် ကိုယ်လုပ်နေတာပါ၊ စကားမစပ် သူ အောင်ပွဲတွေရခဲ့ပါတယ်၊ ဇာဗီ၊ အင်နီယေစတာ၊ မက်ဆီတို့ရှိနေတာကိုးဗျ၊ ဒီတော့ ချန်ပီယံလိဂ်ဖလား ယူနိုင်တာပေါ့၊ ဒါပေမယ့် သူတို့ မရှိချိန်ကစပြီး သူ ချန်ပီယံလိဂ်မရတာ တော်တော်လေးကြာနေပြီနော်” လို့ ခနဲ့ကာ ပြောဆိုသွားခဲ့ပါတယ်။

ဒီလို ပြောဆိုမှုကြောင့် ဂွာဒီယိုလာနဲ့ အီဗရာတို့ကြားက ပွဲကိုလည်း ပရိသတ်တွေ ဆက်လက် မြင်တွေ့ရဖွယ် ရှိနေပါတယ်။