ချဲလ်ဆီးပစ်မှတ် ကွန်ဒဲ တန်ကြေး၊ နေမာကို ရောင်းမယ့် PSG နဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ

ဆီဗီလာက ဂျူးလပ်စ် ကွန်ဒဲ အတွက် ပေါင် ၅၅ သန်းထက် လျော့နည်းတဲ့ ကမ်းလှမ်းမှုတွေ လက်ခံ စဉ်းစားသွားမှာ မဟုတ်ပါဘူး။ အသက် ၂၃ နှစ် အရွယ် ပြင်သစ် ခံစစ်မှုးကို ချဲလ်ဆီးက တောက်လျောက် ချိတ်ဆက်နေပါတယ်။

အာဆင်နယ်အသင်းဟာ စပိန်တိုက်စစ်မှူး မိုရာတာကို ခေါ်ယူနိုင်ဖို့ အလွန်နီးစပ်နေပါတယ်။ ဂျူဗင်တပ်စ်အသင်းမှာ အငှားလာကစားနေတဲ့ မိုရာတာကို အက်သလက်တီကိုမက်ဒရစ်အသင်းက ပြောင်းရွှေ့ကြေး ယူရို၃၅သန်းဝန်းကျင်ရရင် ရောင်းချသွားဖို့ ရှိနေပါတယ်။

ပီအက်စ်ဂျီက နေမာကို ဒီနွေမှာ ရောင်းချဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။ ဘရာဇီးသား ကို ပီအက်စ်ဂျီက ပေါင် သန်း ၂ဝဝ နဲ့ ထိုစဉ်က စံချိန်တင်ကြေး ပေးကာ ခေါ်ယူထားခဲ့ပေမယ့် နေမာက ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဟာ ဝုဗ်ကြယ်ပွင့် ရူဘန် နီဗက်စ် ကို ပြန်လည် ကြိုးပမ်းဦးမှာ ဖြစ်ပါတယ်။ နီဗက်စ် ကို ပေါင် သန်း ၅ဝ လို့ ဈေးသတ်မှတ်ထားပြီး အစားထိုး ခေါ်ယူနိုင်မယ့် အခြေအနေ ကို စောင့်ကြည့်နေတာပါ။

ချဲလ်ဆီးနည်းပြ တူချယ်လ်ဟာ ပြီးခဲ့တဲ့ရာသီက ခရစ္စတယ်ပဲလေ့စ်အသင်းမှာ အငှားထွက်ကစားပြီး အထူးခြေစွမ်းပြခဲ့တဲ့ အသက်(၂၂)နှစ်အရွယ် ဂယ်လယ်ဟာရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

ချန်ပီယံလိဂ် ဗိုလ်စွဲပြီးတဲ့နောက် ကွင်းလယ်ကစားသမား လူကာ မိုဒရစ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ၂နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်ပါတယ်။

ပီအက်စ်ဂျီ ကြယ်ပွင့် လီယွန်နယ် မက်ဆီ က အသင်းဟောင်း ဘာစီလိုနာထံ ပြန်သွားဖို့ ဘာစီလိုနာ ဥက္ကဌ လာပေါ်တာ ကို ဆက်သွယ်နေပေမယ့် သူ့အကြောင်း ကို လူအများရှေ့ ထည့်ထည့် ပြောနေတဲ့ အပေါ် စိတ်ပျက် လာနေပါတယ်။

အက်စတွန်ဗီလာအသင်းဟာ အက်သလက်တီကို မက်ဒရစ်ကနေ အလွတ်နဲ့ ထွက်ခွာလာတဲ့ တိုက်စစ်မှုး လူးဝစ် ဆွာရက်စ် ကို ခေါ်ယူဖို့ မေးမြန်းနေပါတယ်။ နည်းပြ စတီဗင် ဂျရတ်ဟာ လီဗာပူးတိုက်စစ်မှုးဟောင်းကို ပြန်လည် လက်တွဲလို နေပါတယ်။

အာဆင်နယ်အသင်းဟာ ဒဏ်ရာမကြာခဏရနေတဲ့ တီယာနေးရဲ့နေရာအတွက် အင်တာမီလန်အသင်းရဲ့ ဘယ်နောက်ခံလူ ဖက်ဒရီကို ဒီမာကို ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။