တိုင်လေမန့်စ်၊ ဂျေဆု၊ အော်ဝါ၊ ဆာလီဘာတို့နဲ့ အာဆင်နယ် အပြောင်းအရွှေ့ သတင်းများ
အပြောင်းအရွှေ့ရေးရာ ကျွမ်းကျင်သူ သတင်းထောက် ဖာဘရီဇီယိုက အာဆင်နယ်အနေနဲ့ နောက်ခံလူ ဆာလီဘာကို စာချုပ်သက်တမ်း တိုးနိုင်ဖွယ် ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ အာဆင်နယ်ဟာ ပထမ အသင်းမှာ အဓိက ကစားသမား အဖြစ် ပါဝင်ခွင့်ရစေမယ်ဆိုတဲ့ကတိနဲ့ ဆာလီဘာကို မာဆေးကနေ ပြန်ခေါ်ထားခဲ့တာပါ။
အာဆင်နယ် အဓိကပစ်မှတ်ထားနေတဲ့ လက်စတာကွင်းလယ်လူ တိုင်လေမန့်စ်ကိုခေါ်ယူဖို့အတွက် အခါးသီးဆုံး မြို့ခံပြိုင်ဘက် စပါးကလည်း ကြိုးပမ်းလာခဲ့ပြီ ဖြစ်ပါတယ်။
အာဆင်နယ်နည်းပြ အာတီတာဟာ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့အတွက် တိုင်လေမန့်စ်ကို အဓိက ပစ်မှတ်ထား နေတာဖြစ်ပါတယ်။ ဒါပေမဲ့ တိုင်လေမန့်စ်ဟာ ချန်ပီယံလိဂ် ကစားခွင့်ရတဲ့အသင်းကိုသာ ပြောင်းရွှေ့ချင်နေလို့ အာဆင်နယ် အခက်တွေ့နေပါတယ်။

နာပိုလီတိုက်စစ်မူှး အိုဆင်မန်ဟာ အာဆင်နယ်အတွက်တော့ ဈေးကြီးလွန်းကြောင်း၊ နာပိုလီဟာ လက်ရှိမှာ ဘဏ္ဍာရေးပိုင်း အဆင်ပြေနေပြီး အိုဆင်မန်ကို ရောင်းချလိုခြင်း မရှိကြောင်း၊ တကယ်လို့ ရောင်းချရရင်လည်းနာပိုလီဟာ အိုဆင်မန်အတွက်ပြောင်းရွှေ့ကြေး မြင့်မားဖွယ် အလိုရှိနေကြောင်း အာဆင်နယ်သတင်းထောက် ချားလက်ဝက်စ်က မှတ်ချက်ပြုခဲ့ပါတယ်။
အာဆင်နယ်အနေနဲ့ သူတို့ရဲ့ ပစ်မှတ်ဟောင်းဖြစ်ခဲ့ဖူးတဲ့ လိုင်ယွန်ကွင်းလယ်လူ အော်ဝါကို ခေါ်ယူဖို့ အလား အလာ ကောင်းနေတယ် လို့ The Sun သတင်း က ဖော်ပြထားပါတယ်။ အာဆင်နယ်က ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ အော်ဝါကို ခေါ်ဖို့ အသည်းအသန်ကြိုးပမ်းခဲ့ဖူးတာပါ။
အာဆင်နယ်အနေနဲ့ မန်စီးတီးအသင်းကနေ တိုက်စစ်မှူး ဂျေဆု ထက်စာရင် နောက်ခံလူ ဇင်ချိန်ကို ခေါ်ယူဖို့ ပိုမိုနီးစပ်လျက် ရှိနေပါတယ်။ မန်စီးတီးအနေနဲ့ ဇင်ချန်ကိုအတွက် သင့်တော်တဲ့ ပြောင်းရွှေ့ကြေးရရင် အာဆင်နယ်ကို ထွက်ခွာခွင့်ပြုမယ် လို့ တယ်လီဂရပ်က ဖော်ပြထားပါတယ်။
အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ လာမဲ့ရာသီမှာ ယူရိုပါလိဂ် အုပ်စုအဆင့်ပွဲစဉ်မှာ အသင်းရဲ့လူ ငယ်ကြယ်ပွင့်တွေ ဖြစ်ကြတဲ့ အဇီး၊ ဟတ်ချင်ဆန်နဲ့ ပါတီနိုတို့ကို အသုံးပြုကာ အခွင့်အရေးပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ် အနေနဲ့ အဇီးနဲ့ ဟတ်ချင်ဆန်တို့ကို အငှားထပ်မချတော့ဘဲ အသင်းမှာသာ ဆက်ထိန်းသွားမှာပါ။
အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်က အာဆင်နယ်က ပစ်မှတ်ထားနေတဲ့ သူ့ဘရာဇီးအသင်းဖော် ဂျေဆုနဲ့ ပတ်သက်ပြီး မှတ်ချက်ပြုစကားပြောဆိုခဲ့ပါတယ်။ “ ဂျေဆုဟာ ထိပ်တန်း ကစားသမားတစ်ယောက်ပါ။ တကယ်လို့ သူသာ အာဆင်နယ်ကို လာမယ်ဆိုရင် ကျွန်တော်တို့ကို အများကြီး ကူညီပေးနိုင်မှာပါ”လို့ ဂါဘရီရယ်က ဆိုခဲ့ပါတယ်။